အမရာဘတ်နဲ့ ကာဆီမီရိုကို ရှင်းထုတ်ပြီး ကွင်းလယ်မှာ သန်း ၅၀ တန် အားဖြည့်မှု ပြုလုပ်မယ့် မန်ယူ

မန်ချက်စတာ ယူနိုက်တက်ဟာ နွေတုန်းက တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ အမ်မရာဘတ်ကို အပြီးသတ် ခေါ်ယူသွားတော့မှာ မဟုတ်ပါဘူး။

ရာသီကုန်ရင် ပေါင် ၁၇ သန်းဖြင့် အပြီးသတ် ခေါ်ယူခွင့်ရှိထားတဲ့ အမ်မရာဘတ်ရဲ့ ခြေစွမ်းကို နည်းပြတန်ဟက်က နှစ်သက်ခြင်း မရှိလို့ အငှားသက်တမ်း ကုန်ဆုံးချိန်မှာ သူ့အသင်းဆီ ပြန်ပို့ဆောင်ဖို့ ရှိနေပါတယ်။

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းနဲ့အတူ တောက်ပခဲ့သလို ဖီအိုရင်တီးနားမှာလည်း ခြေစွမ်းပြခဲ့ပေမယ့် အမ်မရာဘတ်ဟာ ယူနိုက်တက်မှာတော့ အခုအချိန်ထိ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

အမ်မရာဘတ်ကို မခေါ်ယူဖို့ ဆုံးဖြတ်ခြင်းနဲ့အတူ ယူနိုက်တက်ဟာ ကွင်းလယ်အတွက် အခြားသော ပစ်မှတ်အဖြစ် အဲဗာတန်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား အိုနာနာကို ချိတ်ဆက်ဖို့ စိတ်ဝင်စားနေပါတယ်။

အသက် ၂၂ နှစ်အရွယ် အိုနာနာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ သုံးရမှာဖြစ်တယ်။ သူ့ရဲ့ အသက်အရွယ်နဲ့ အင်္ဂလန်မှာ အထိုင်ကျနေမှုဟာ ယူနိုက်တက် အကြီးအကဲတွေကို အထင်ကြီးစေခဲ့ပါတယ်။

နည်းပြတန်ဟက်ကတော့ ကာဆီမီရို ထွက်ခွာလိုရင်လည်း လမ်းဖွင့်ပေးမှာဖြစ်ပြီး လူငယ် ကွင်းလယ်လူ ကိုဘီ မိုင်နူးကို ပိုမို နေရာပေးဖို့ ရှိနေပါတယ်။