မန်ချက်စတာ ယူနိုက်တက်က အိုနာနာကို လွမ်းနေမှာ မဟုတ်ဘူး ပြောလာတဲ့ နည်းပြတန်ဟက်
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်က လာမယ့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ အာဖရိက ဖလားပြိုင်ပွဲ ကြောင့် ဂိုးသမား အန်ဒရီ အိုနာနာကို ဆုံးရှုံးရဖွယ် ရှိနေပေမယ့် စိုးရိမ်ပူပင်ခြင်းမရှိဘူးလို့ ပြောကြား ခဲ့ပါတယ်။
အတည်မပြုရသေးပေမယ့် အိုနာနာကို ကင်မရွန်းလက်ရွေးစင်အသင်းက အာဖရိကဖလားပြိုင်ပွဲအတွက် ခေါ်ယူမယ် ဆိုတာ ကျိန်းသေသလောက်ရှိနေပုံပေါ်ပြီး တကယ်လို့ ခေါ်ယူခြင်းခံရမယ်ဆိုရင် မန်ယူနိုက်တက်ရဲ့ ပွဲစဉ် အများအပြားကို လွဲချော်ဖွယ်ရှိနေပါတယ်။

ကင်မရွန်း လက်ရွေးစင်အသင်းသာ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကျင်းပမယ့် ဗိုလ်လုပွဲအဆင့်အထိ တက်ရောက် နိုင်မယ် ဆိုရင် ၆ ပွဲအထိ လွဲချော်မှာဖြစ်ပြီး အဲဒီကာလအတွင်းမှာ တော့တင်ဟမ်ဟော့စပါး၊ အက်စတန် ဗီလာတို့နဲ့ ကစားရမယ့် ပွဲကြီးပွဲကောင်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။
အိုနာနာဟာ ယခုရာသီမှာ အမှားအယွင်းတွေ ပြုလုပ်ခဲ့ပေမယ့် ဒုတိယ ဂိုးသမားဖြစ်တဲ့ ဘာရင်ဒီယာဟာ ဖီနာဘာချီကနေ အိုးထရက်ဖို့ဒ်ကို ရောက်လာပြီးကတည်းက ပွဲဦးထွက်ခွင့် မရသေးပါဘူး။ အသက် ၃၇ နှစ်အရွယ် ဝါရင့်ဂိုးသမား တွမ် ဟီတန်ရဲ့ အကောင်းဆုံးနေ့တွေက အတိတ်မှာ ကျန်ခဲ့ပြီဆိုတာတော့ သေချာပါတယ်။
ဝက်စ်ဟမ်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြတန်ဟက်က “သူ အဲဒီကိုသွားရင် ကျွန်တော်တို့မှာ ဘာရင်ဒီယာ၊ တွမ် ဟီတန်တို့နဲ့အတူ အားကောင်းတဲ့ဂိုးသမား အစုအဖွဲ့ရှိနေလို့ သက်တောင့်သက်သာပါပဲ။
အန်ဒရီ ပါဝင်ကစားပေးနိုင်သလောက် များများ ပါဝင် ကစားပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အဲဒီလိုမဟုတ်ဘူးဆိုလည်း ဖြစ်ပါတယ်။ သူ့နေရာမှာ အစားထိုးနိုင်တဲ့ ဂိုးသမား ကောင်း ၂ ဦး ကျွန်တော်တို့မှာ ရှိပါတယ်။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။