နှစ်ပေါင်း ၉ဝ ကျော် အတွင်း အဆိုးဆုံး အနေအထား၊ မကြားဖူး မကြုံဖူးတဲ့ မှတ်တမ်းတွေ ရနေတဲ့ တန်ဟက်ရဲ့ မန်ယူအသင်း
မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ဝက်စ်ဟမ်းကို ၂-၀ နဲ့ ရှုံးခဲ့တဲ့ နောက်ဆုံးရှုံးပွဲကြောင့် သူတု့ိသမိုင်း နောက်ဆုံး ၉၃ နှစ်တာအတွင်းမှာ အနိမ့်ဆုံး အနေအထားကို ရောက်သွားပါတယ်။
ဝက်စ်ဟမ်း ပွဲ အရှုံးဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ မန်ယူအတွက် ၁၃ ပွဲမြောက် အရှုံးဖြစ်လာခဲ့တာပါ။ ဒါဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံးမှာ ရှုံးခဲ့တာ ထက်တောင် ပိုများသွားပါတယ်။

ဒါ့အပြင် ၁၉၃၀-၃၁ ရာသီနောက်ပိုင်း ခရစ္စမတ်မတိုင်ခင် ရှုံးပွဲအများဆုံးလည်း ဖြစ်သွားတာပါ။ အဲဒီတုန်းကတော့ မန်ယူဟာ ခရစ္စမတ်မတိုင်ခင် ၁၆ ပွဲရှုံးခဲ့သလို အင်္ဂလန်ရဲ့အမြင့်ဆုံးလိဂ်မှာ ဇယားအောက်ခြေဖြစ်ခဲ့ရပါတယ်။
လက်ရှိ မန်ယူကတော့ အဲဒီလောက် အခြေအနေမဆိုးနိုင်ဘူး ဆိုရင်တောင် အသင်းကြီးတစ်သင်း ဆိုတဲ့ အနေအထားအရ လုံးဝလက်မခံနိုင်စရာ အနေအထားဖြစ်နေပါတယ်။
နောက်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၄ ပွဲစလုံးမှာလည်း တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။ ဒီလို ၄ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာဟာ ၁၉၉၂ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
မနေ့ညက ပွဲချိန် ၅၇ မိနစ်အရောက်မှာ ရက်ရှ်ဖို့ဒ်နဲ့ လူစားလဲခံရတဲ့ တိုက်စစ်မှုး ဟွိုင်လန်းဆို ဒီရာသီပရီးမီးယားလိဂ်မှာ လုံးဝ ဂိုးမရသေးပါဘူး။
တန်ဟက် အားကိုးတကြီး ခေါ်ယူခဲ့တဲ့ တပည့်ကျော် တိုက်စစ်သမား အန်တိုနီကလည်း ဒီရာသီပြိုင်ပွဲစုံ ၁၉ ပွဲမှာ သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမရှိဖြစ်နေတာပါ။