တန်ဟက် လုပ်နေပါတယ် ဆိုတဲ့ အစီအစဉ်က ဘာတွေလဲ လို့ မေးခွန်းထုတ်လိုက်တဲ့ ပရီးမီးယားလိဂ် ဂန္တဝင်ကြီး
မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ စနေနေ့က ပွဲမှာ အစွယ် မရှိတဲ့ အသင်းလို ဖြစ်ခဲ့ပြီး ဝက်စ်ဟမ်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ ခရစ္စမတ် ကာလမှာ အဆင့် ၈ သို့ ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
လက်ရှိရာသီ တန်ဟက်ရဲ့အသင်းမှာ ကွင်းအတွင်းနှင့် ကွင်းပြင်ပ ပြဿနာများစွာရှိနေပြီး ဂိုးမသွင်းယူနိုင်တာက စိုးရိမ်စရာပြဿနာကြီး တစ်ခု ဖြစ်လာပါတယ်။ အမှတ်ပေးဇယားအောက်ခြေက ရှက်ဖီးယူနိုက်တက်ကတောင် ယူနိုက်တက် ရရှိထားတဲ့ ၁၈ ဂိုးထက် အနည်းငယ် ပိုသွင်းထားပါတယ်။

နွေရာသီက ပေါင် ၇၂ သန်းဖြင့် ခေါ်ယူထားတဲ့ ဟွိုက်လန်းကလည်း ခြေစွမ်းမကောင်းမွန်နေကာ ချန်ပီယံလိဂ်မှာ ၅ ဂိုး သွင်းယူထားသော်လည်း ပရီးမီးယားလိဂ်မှာ ဂိုးသွင်းယူနိုင်ခြင်းမရှိပါဘူး။
တော်တော်များများက ဟွိုင်လန်းကို အပြစ်တင်နေကြသော်လည်း အလန်ရှီးယားကတော့ အခုလို ဝေဖန်ထောက်ပြ ထားပါတယ်။
“လက်ရှိရာသီမှာ ၁၈ ဂိုးပဲ သွင်းနိုင်သေးတာက ယူနိုက်တက်အနေနဲ့ ကြည့်မယ်ဆိုရင် အလွန်ကို ဆိုးရွားပါတယ်။ တန်ဟက် ကတော့ ကျွန်တော်တို့ဟာ အစီစဉ်တွေ ချနေပါတယ်လို့ ပြောနေပါတယ်။ လက်ရှိရာသီ ယူနိုက်တက်ရဲ့ ပွဲစဉ် အတော်များများကို ကြည့်ခဲ့သော်လည်း အရိုးသားဆုံးပြောရရင် ဘာ အစီအစဉ်လဲဆိုတာ မတွေ့ခဲ့ရပါဘူး။
ဂိုးဧရိယာထဲကို လူတွေ အများကြီး ထည့်ရမလိုဖြစ်နေပါတယ်။ လက်ရှိ ယူနိုက်တက်မှာက ဆိုးရွားတဲ့ ပေးပို့မှုတွေ၊ ရွေးချယ်မှုအမှားတွေ၊ အခွင့်အရေးတွေ မဖန်တီးနိုင်တာတွေ ဖြစ်နေတာပါ။ “လို့ ရှီးယားက ဘီဘီစီ Match of the Day အစီအစဉ်မှာ ပြောပါတယ်။
လက်ရှိရာသီမှာ အန်တိုနီအနေနဲ့ ဟွိုင်လန်းကို ပေးပို့ထားတာက ၆ ကြိမ်သာ ရှိသေးပြီး မိနစ် ၉၀ တိုင်းမှာ ၁.၂ ကြိမ် သာ ပေးပို့ထားနိုင်တာဖြစ်တယ်လို့ သူက ထောက်ပြထားပါတယ်။
ဒါ့အပြင် ဂါနာချိုကလည်း ၅ ကြိမ်သာပေးပို့ထားနိုင်ပြီး မိနစ် ၉၀ တိုင်းမှာ ၁ ကြိမ်သာ ဖြစ်နေတာကြောင့် “ဒါဟာ ၅ ပွဲ ၆ ပွဲစာ မဟုတ်ဘဲ ၁ ပွဲအတွက်သာ ပျှမ်းမျှ ဖြစ်ပါတယ်”လို့ ရှီးယားက ပြောဆိုခဲ့ပါတယ်။