ကြက်သီးထစရာ ဒုတိယပိုင်း စိတ်ဓါတ်နဲ့ ခြေစွမ်းကြောင့် ဗီလာကို ၃ ဂိုး ပြန်သွင်းပြီး နိုင်ပွဲ ရှာပြနိုင်ခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်တဲ့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားပြီး ဒုတိယပိုင်း ထူးချွန်ခြေစွမ်းတွေဖြင့် ၂ ဂိုး အရှုံးဖြင့် နောက်က လိုက်ကစားကာ ပွဲကို အလှည့်အပြောင်း လုပ်နိုင်ခဲ့တာကြောင့် ၃-၂ ဖြင့် အနိုင်ရခဲ့ပါတယ်။

ဇယားထိပ်ကို ဦးဆောင်နိုင်ရေး အနိုင်ရလဒ်ကို ဦးတည်ကစားဖို့ ပြင်ဆင်ထားတဲ့ အက်စတွန်ဗီလာက စနစ်တကျစုဖွဲ့ကစားကာ ယူနိုက်တက်ရဲ့ အထနှေးနေမှုတွေကနေ ဖိအားပေး ကစားခဲ့ပါတယ်။

ယူနိုက်တက် ဂိုးသမား အိုနာနာနဲ့ ခံစစ်ပိုင်း ကာကွယ်ပုံ ပေါ့ဆခြင်းတွေကနေ ဗီလာက မက်ဂင်းရဲ့ ဖရီးကစ်သွင်းဂိုး၊ ဒန်ဒွန်ကာရဲ့ အနီးကပ် သွင်းဂိုးတွေနဲ့အတူ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဂိုးပေးရပြီးတဲ့နောက် ယူနိုက်တက်ရဲ့ တုန့်ပြန်ပုံက ကောင်းမွန်ခဲ့ပါတယ်။

လိုအပ်နေတဲ့သွင်းဂိုးတွေ ရယူနိုင်ရေး ယူနိုက်တက်ဘက်က တိုက်စစ်မြှင့်ကစားခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့်တွေ ရရှိပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် ချေပဂိုးတော့ မရှာဖွေနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာ ယူနိုက်တက်ရဲ့ ကစားပုံက အံ့မခန်းကို ပြောင်းလဲသွားပြီး တရစပ် တိုက်စစ်ကစားမှုတွေကနေ ဂိုးတွေ ပြန်ပြီး သွင်းယူခဲ့ပါတယ်။ ဂနာချိုရဲ့ ဒုတိယပိုင်းအသ ခြေပဂိုးက ဘောလုံးလက်ခံစဉ် လူကျွံနေခဲ့ပေမယ့် သူကပဲ ခြေပဂိုး ၂ ဂိုးလုံးကို သွင်းယူပေးခဲ့တာပါ။

ပေါက်ကွဲကစားနေတဲ့ ယူနိုက်တက်အတွက် အနိုင်ဂိုးကို ထောင့်ကန်ဘောက တစ်ဆင့် ရလာတဲ့ အခွင့်အရေးကနေ ဟွိုင်လန်းက ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး အနိုင်ဂိုးဖြစ်ခဲ့တာအတွက် ဟွိုင်လန်းနဲ့ အသင်းဖော်တွေရဲ့ အောင်ပွဲခံမှုက အားပါ ပြင်းထန်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ယုံကြည်ချက်ရှိရှိ ပေါက်ကွဲအားကောင်းကောင်း ကစားနိုင်ရင် နိုင်ပွဲရနိုင်တယ်၊ ဂိုးတွေ သွင်းနိုင်တယ်ဆိုတာကို ဒီပွဲမှာ မြင်ခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် တန်ဟက်အပေါ် ပုံကျနေတဲ့ ဖိအားတွေ အနည်းငယ် လျော့ကျသွားပေမယ့် ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့ကတော့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။