မန်ချက်စတာ ယူနိုက်တက် ဘယ်အခြေစိုက်စိုက် ကွင်းမရွေးဘဲ လိုက်အားပေးတဲ့ ပရိသတ်တွေကို တန်ဟက် အပြတ် ကြွေနေ

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်က မန်ယူအသင်းကို အိမ်ကွင်း၊ အဝေးကွင်း မရွေး လိုက်လံ အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း နောက်ဆုံး လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကမ္ဘာပေါ်မှာ ပရိသတ်အင်အား အများဆုံး အသင်းတွေထဲက တသင်း ဖြစ်သလို ယူနိုက်တက်ရဲ့ ပရိသတ်တွေကလည်း သူတို့အသင်း အပေါ် အတော်လေး သစ္စာရှိကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် မရှိတော့တဲ့နောက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချန်ပီယံ ထပ်မဖြစ်တော့သလို တခြားပြိုင်ပွဲတွေမှာပါ ချန်ပီယံ ဖြစ်ဖို့ ရုန်းကန် ကြိုးစားနေရပေမယ့် ယူနိုက်တက် ရဲ့ ပရိသတ်တွေကတော့ သူတို့အသင်း အပေါ် စိတ်မပျက်ပဲ အိမ်ကွင်း၊ အဝေးကွင်း မရွေး အင်ပြည့်အားပြည့် လိုက်လံ အားပေးတတ်ကြပါတယ်။

ဒါကြောင့်လည်း နော်တင်ဟမ် ဖောရက်စ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်အတွက် ပြုလုပ်တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ယူနိုက်တက်နည်းပြ တန်ဟက် က အသင်းကို ကွင်းလုံးပြည့် လိုက်အားပေးတတ်တဲ့ ယူနိုက်တက် ပရိသတ်တွေအား ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့တာပါ။

အဲရစ် တန်ဟက် က – “အဝေးကွင်းပဲဖြစ်ဖြစ် ၊ အိုးထရက်ဖို့ဒ်မှာပဲ ဖြစ်ဖြစ် ပရိသတ်တွေက အမြဲတမ်း ကျွန်တော်တို့ကို အားပေးခဲ့ကြပါတယ်။ ကျွန်တော်တို့က ရလဒ်တွေ ဆိုးနေခဲ့ရင်တောင် အဓိက ကစားသမားတွေကို အသုံးမပြုနိုင်ခဲ့ရင်တောင် ပရိသတ်တွေက ကျွန်တော်တို့ရဲ့ အနောက်မှာ အမြဲတမ်း ရှိခဲ့ပါတယ်။

သူတို့က ကျွန်တော်တို့က ယုံကြည်ပေးခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်တို့က သူတို့ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်” ဆိုပြီး ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၂၀) အဖြစ် ယနေ့ညမှာ နော်တင်ဟမ် ဖောရက်စ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ စီးတီးဂရောင်းမှာ ရင်ဆိုင် ယှဉ်ပြိုင်ဖို့ ရှိနေပြီး ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်က ရလဒ်ကောင်း တခု ရယူနိုင်ဖို့ များနေပါတယ်။