အဝေးကွင်းမှာ ဖောရက်စ် ကို ရှုံးပြီး ၂၀၂၃ ကို အိုးနင်းခွက်နင်း ပိတ်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ညကပွဲ အကြောင်း
မန်ချက်စတာ ယူနိုက်တက် ကတော့ မနေ့ညက အဝေးကွင်းမှာ နော်တင်ဟမ် ဖောရက်စ်ကို အနိုင် မကစားနိုင်ဘဲ ၂-၁ နဲ့ ရှုံးနိမ့်ကာ ၂၀၂၃ ကို အရှုံးနဲ့ နှုတ်ဆက်လိုက်ရပြီ ဖြစ်ပါတယ်။
ဧည့်သည် မန်ချက်စတာ ယူနိုက်တက် က ဒီပွဲမှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ အီဗန်စ်၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတာ့ မိုင်နူး၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဟွိုင်လန်း ဖျားနေခဲ့လို့ အန်တိုနီ၊ ဂါနာချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်တဲ့ ဖောရက်စ် တိုက်စစ်သမား အီလန်ဂါရဲ့ ဘယ်ညာပြောင်းပြီး ထိုးဖောက်မှုတွေက မန်ယူတို့ကို ကြီးကြီးမားမား ဒုက္ခပေးနိုင်ခဲ့သလို ဖိအားတွေ ဝင်စေခဲ့ပြီး မန်ယူတို့ကတော့ ကောင်တာရမှ ဖောက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကစားရင်း ပထမပိုင်းမှာ ဂိုးမရှိ သရေဖြစ်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ အလုပ်မဖြစ်တဲ့ ပုံစံကို မန်ယူတို့ ပြင်ဆင်ဖို့ ကြိုးစားကာ လူစားလဲမှုတွေ လုပ်လာပါတယ်။ ကွင်းလယ်မှာ မိုင်နူးအစား မက်တော်မီနေးကို ပွဲအစမှာ ပြန်ထည့်ခဲ့ပါတယ်။ အလုပ်မဖြစ်တဲ့ အန်တိုနီအစား အာမက် ဒီယာလိုကို ထည့်သွင်းခဲ့ရာမှာ အိုင်ဗရီကို့စ်သားရဲ့ သွက်လက်တဲ့ ပုံစံတွေက ပရိသတ်တွေကို အတိုင်းအတာ တစ်ခုအထိ ကျေနပ်စေနိုင်ခဲ့တာပါ။
ပွဲချိန် ၆၄ မိနစ်မှာတော့ ဖောရက်စ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အလျဉ်းသင့်သလို တောင်ပံတွေ ပြောင်းကစားနေတဲ့ အီလန်ဂါက ညာခြမ်းကနေ အတွင်းကို ချိုးပေးရာမှာ မွန်တီယယ်လ်က ဧရိယာထဲကနေ ဂိုးရှေ့ကို ခင်းပေးခဲ့တဲ့ ဘောလုံးကို ဒိုမင်ရက်ဇ်က အနိမ့်ဘော ကန်သွင်းပြီး စုဖွဲ့ပုံ ညံ့ဖျင်းခဲ့တဲ့ မန်ယူခံစစ်ကို အနိုင် ယူခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၇၈ မိနစ်မှာတော့ မန်ယူတို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဖောရက်စ်ခံစစ် နောက်ပြန်ပေးရာကနေ ဂိုးသမား တာနာ ရှင်းထုတ်ရာမှာ သူ့လူဆီ မရောက်ခင် ဂါနာချိုက လျှောထိုးဖြတ်တားနိုင်ခဲ့ပြီး ကန်မလိုလိုနဲ့ ဘယ်ခြမ်းကို ချိုးပေးခဲ့ရာမှာ ရက်ရှ်ဖို့ဒ်က ညာဘက် တိုင်ခြေကို အနိမ့်ဘော ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာပါ။
မန်ယူတို့ မျှော်လင့်ချက်တွေက ကြာကြာမခံလိုက်ဘဲ ပွဲချိန် ၈၂ မိနစ်မှာ ဖောရက်စ်တို့ပဲ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အီလန်ဂါက ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ ပေါ့လျော့ခဲ့တဲ့ မန်ယူခံစစ်ကြားကနေ ဂစ်ဘ်စ်-ဝှိုက်က ပါးပါးနပ်နပ် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
နာကျင်အချိန်ပို ၁၀ မိနစ်အထိ ပေးခဲ့တဲ့ပွဲမှာ မန်ယူတို့ လုပ်နိုင်တာ ဘာမှ မရှိခဲ့ဘဲ အိမ်ရှင်တွေရဲ့ ပိတ်ကစားခဲ့တဲ့ ခံစစ်ကိုလည်း မကျော်နိုင်ခဲ့လို့ ၂၀၂၃ ခုနှစ်ကို အရှုံးနဲ့ပဲ ပိတ်သိမ်းခဲ့ရပါတယ်။