အီလန်ဂါ ကို ကြည့်ပြီး နည်းပြ တန်ဟက် အပေါ် ပိုပို တင်းနေတဲ့ ဂယ်ရီနဗီးလ် ရဲ့ နှိုင်းယှဉ် ထောက်ပြမှု

သရဲနီဟောင်းကြီး ဂယ်ရီ နဗီး ကတော့ ပြီးခဲ့တဲ့ စနေနေ့ညက နော်တင်ဟမ်ဖောရက်စ်က မန်ချက်စတာယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တောင်ပံကစားသမားဟောင်း အီလန်ဂါရဲ့ အထင်ကြီးဖွယ်ခြေစွမ်း ကို မြင်ခဲ့ရပြီးနောက် သူ့အသင်းကို မေးခွန်းထုတ်ခဲ့ပါတယ်။

ဆွီဒင်တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ အဲရစ်တန်ဟက်ရဲ့ မန်ချက်စတာယူနိုက်တက်လူစာရင်းထဲမှာ လူပိုဖြစ်ခဲ့သူဖြစ်ပြီး နယ်သာလန်သား နည်းပြလက်ထက် အစောပိုင်းကာလတွေမှာ ပုံမှန်ပါဝင် ကစားပေးခွင့် ရခဲ့တာဖြစ်ပါတယ်။

အီလန်ဂါဟာ ခြေစွမ်းပိုင်း တိုးတက်လာအောင် ပုံမှန်ပွဲကစားချိန်ရရှိမယ့်အသင်းကို ရှာဖွေခဲ့ပြီး နော်တင်ဟမ် ဖောရက်စ်ကို ပေါင် ၁၅ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

အသက်၂၁ နှစ်အရွယ်ကစားသမားဟာ လျင်လျင်မြန်မြန် ခြေစွမ်းပိုင်း တိုးတက်လာခဲ့ပေမယ့်လည်း မန်ယူနိုက်တက်က အန်တိုနီနဲ့ ဆန်ချိုတို့လို ကစားသမားတွေကို ရင်းနှီးမြှုပ်နှံဖို့ကိုသာ အာရုံစိုက်ခဲ့ပြီး အကယ်ဒမီထွက်ကြယ်ပွင့်ကို ထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပါတယ်။

အီလန်ဂါ ထွက်သွားပြီးနောက် ဆန်ချို့လည်း တန်ဟက်နဲ့ ပြသနာတက်ပြီး ပွဲ ကစားခွင့် မရတော့သလို အန်တိုနီ ကလည်း ပေးရတဲ့ဈေးနဲ့ တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

အီလန်ဂါကတော့ ဆန့်ကျင်ဘက်အနေနဲ့ ယူနိုက်တက်နဲ့ ပြန်တွေ့တဲ့ ပွဲမှာ ဖောရက်စ်ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်ခဲ့ပြီး နူနို ဆန်တိုရဲ့ ပထမဆုံးအိမ်ကွင်းနိုင်ပွဲရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ခင်ဗျားအနေနဲ့ အီလန်ဂါကို ထွက်ခွာခွင့် ပြုပြီးတဲ့နောက်မှာ သူ့နေရာ ကစားတဲ့ အသင်းက ကစားသမားတွေဟာ သူ့ထက် ပို ကောင်းမွန်လား ဆိုတာကို မေးခွန်းထုတ်ရမယ်။ သူတို့တွေ တောင်ပံနေရာတွေအတွက် ငွေကြေးတွေ သုံးစွဲခဲ့တယ်။ ဆန်ချိုဆို ပေါင်သ န်း ၇၀ တောင်ပေးခဲ့ရတယ်။ အန်တိုနီဆို ပေါင် သန်း ၉၀။ အီလန်ဂါလို ကစားသမားကျတော့ ထွက်သွားခဲ့ရတယ်။”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။