မန်ချက်စတာ ယူနိုက်တက်က နည်းပြ တန်ဟက်ကို ဘယ်တော့ ရာထူးက ထုတ်မလဲ ဂယ်ရီနဗီးလ် ဖော်ကောင် လုပ်ပြီ

မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိ အနေအထားတွေသာ တိုးတက်မှု ရှိမလာဘူး ဆိုရင် နည်းပြ တန်ဟက် ရာထူးနဲ့ ပတ်သတ်ပြီး ဒီရာသီ မကုန်ခင်တော့ ဆုံးဖြတ်ချက် တစ်ခုခု ချလိမ့်မယ် လို့ သရဲနီဟောင်းကြီး ဂယ်ရီ နဗီးလ်က ဖော်ထုတ်လာပါတယ်။

” ယူနိုက်တက်က ဒီရာသီ မကုန်ခင်တော့ မန်နေဂျာ ရာထူးနဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် တစ်ခုခု ချပါလိမ့်မယ်။ ဒါကို သံသယ မရှိပါဘူး။ ရာသီကုန်ထိ တန်ဟက်ကို သူတို့ ဆက်ထားရင်တောင် သူတို့ အဲဒါကိုတော့ လုပ်မှာပါ။

ယူနိုက်တက်က အတော်ကြီး ညံ့ဖျင်းနေပြီး ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် အဲရစ်တန်ဟက် အနေနဲ့ တကယ်ကို ဖိအားတွေအောက် ရောက်ပါပြီ။

တန်ဟက်က သူ့ရဲ့ ပထမရာသီမှာ တကယ်ကို ကောင်းကောင်း လုပ်ပြခဲ့တယ်။ ဒါပေမယ့် အခုကတော့ ပိုင်ရှင်သစ် အုပ်စုတွေကလည်း သူ့ အခြေအနေကို စောင့်ကြည့်နေမှာပါ။ ဒီ ပိုင်ရှင်သစ်တွေ အောက်မှာ အပြောင်းအလဲကောင်းတွေ မြင်ရမယ် လို့ ကျွန်တော်တော့ မျှော်လင့်ထားတယ်။

လက်ရှိမှာ သူတို့က အားကစား ဒါရိုက်တာ မရှိဘူး။ စီအီးအိုရော၊ လူခေါ်ယူမှုပိုင်း တာဝန်ရှိသူရော မရှိထားဘူး။ ဒီကမ္ဘာမှာ ဘယ်လို ကလပ်အသင်းကရော အဲဒီလို လုပ်လို့လဲ။

တန်ဟက်က သူ့နားမှာ management team မရှိဘဲ အလုပ်လုပ်နေရတာပါ။ ဒါကို တွေးကြည့်ရင် သူ အတော် လုပ်ပြထားတယ် လို့ တွေးမိပါတယ်။ သူက မီးခံသေတ္တာသော့ပါ လွှဲအပ်ခံထားရသလို ဖြစ်နေပြီး ဒါကြီးက မဖြစ်သင့်ဘူးလေ။ ” လို့ နဗီးလ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နဗီးလ် မှန်းထားသလို တန်ဟက်ရဲ့ နည်းပြ ရာထူးဟာ ရာသီကုန်ရင် အပြောင်းအလဲ ဖြစ်လာမလား ဆိုတာကတော့ စောင့်ကြည့်ကြရဦးမှာပါ။