တိုက်စစ်သမား ဆန်ချိုကို အကွက်သစ်မှာ ပြောင်းလဲ နေရာချဖို့ နည်းပြဆိုးလ်ရှား ကြံရွယ်
ဗြိတိန်အခြေစိုက် သတင်းစာတွေရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကစပြီး ဂျေဒန် ဆန်ချိုကို နေရာပြောင်းကစားခိုင်းဖို့ စီစဉ်နေပါတယ်။
ဆန်ချိုဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်အသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ပေါင် (၇၃) သန်း နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလန်ကြယ်ပွင့်ဟာ ပြိုင်ပွဲစုံ (၁၃) ပွဲ ကစားအပြီးမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိသလို၊ ဂိုးဖန်တီးမှုလည် းမပြုလုပ်နေသေးတာကြောင့် ဝေဖန်မှုတွေ နဲ့ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ် ။
The Athletic ရဲ့အဆိုအရ မန်ချက်စတာယူနိုက်တက်ဟာ ဒီနှစ်ဘောလုံးရာသီမှာ (၅၆၆) မိနစ်ပဲ ကစားခွင့်ရရှိထားတဲ့ ဆန်ချိုကို နေရာပြောင်းထားဖို့ စီစဉ်နေတာဖြစ်တယ်။
နည်းပြဆိုးလ်ရှားဟာ လီဗားပူးလ်ကို (၅) ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ၃-၄-၁-၂ ကစားကွက်ကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ အဲဒီ ကစားကွက်မှာ တောင်ပံ ကစားသမားတွေ ရဲ့အခန်းကဏ္ဍ မပါဝင်တာကြောင့် ဆန်ချိုအတွက် ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေတာဖြစ်ပါတယ်။ ဒါကြောင့် တိုက်စစ်ပိုင်းမှာ အားနည်းမှုတွေရှိနေတဲ့ ဝမ်ဘင်ဆာကာရဲ့ ညာခြမ်းနေရာမှာ ဆန်ချိုကို ထားကစားဖို့ နည်းပြဆိုးလ်ရှားက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

The Athletic က “ မန်ချက်စတာယူနိုက်တက် နည်းပြအဖွဲ့ဝင်တွေဟာ ဝမ်ဘင်ဆာကာ ရဲ့ တိုက်စစ်ပိုင်း ကူညီမှု အားနည်းချက်တွေကြောင့် ဒီရက်ပိုင်းပြုလုပ်တဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ဆန်ချိုကို ညာနောက်ခံလူအဖြစ် ပြောင်းလဲ လေ့ကျင့်ပေးနေပါတယ်” ဆိုပြီး အခိုင်အမာရေးသားခဲ့ပါတယ်။
ဆန်ချိုဟာ ဒေါ့မွန်မှာ ကစားနေစဉ်တုန်းက ညာတောင်ပံမှ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ခံစစ်ကိုလည်း အတိုင်းအတာတစ်ခုအထိ ကူညီနိုင်သူဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ပွဲစဉ်တွေမှာ ဆန်ချိုကို ညာနောက်ခံလူအဖြစ် မြင်တွေ့ရဖွယ် ရှိနေပါတယ်။
ဆန်ချိုဟာ ဒီရက်ပိုင်းပြုလုပ်တဲ့ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ညာခြမ်းကစားသမားအဖြစ် ပြောင်းလဲလေ့ကျင့်နေပြီး ခံစစ်ပိုင်းကို ပိုမိုကာကွယ်နိုင်အောင် ကြိုးစားနေပါတယ်။
မန်ချက်စတာယူနိုက်တက်ကို စတင် ရောက်ရှိစဉ်တုန်းက ပြင်းထန်တဲ့ နားပိုးဝင်ခြင်းကြောင့် နားထဲကို ဂွမ်းလုံးထည့် လေ့ကျင့်ခဲ့ရာ အသင်းဖော်တွေ နဲ့ အချိတ်အဆက်မိဖို့ အခက်အခဲဖြစ်ခဲ့ရပါတယ်။ ဒါအပြင် လေ့ကျင့်ရေးကွင်းမှာ ခြေသလုံးဒဏ်ရာ ရရှိသွားတာက ပုံမှန်ခြေစွမ်းပြန်ရဖို့ အတားအဆီးဖြစ်ခဲ့ပါတယ်။
ဆန်ချိုဟာ ဘွန်ဒက်လီဂါမှာ အတွေ့အကြုံတွေ အများကြီး ရရှိထားတဲ့ လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်တာကြောင့် မကြာခင်အချိန်အတွင်း ယူနိုက်တက်မှာ ခြေစွမ်းပြလာနိုင်လိမ့်မယ်လို့ ဆိုးလ်ရှားက ယုံကြည့်နေပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ရဲ့ ကစားဟန်ဟာ ဘွန်ဒက်လီဂါ နဲ့မတူညီတာကြောင့် ဆန်ချိုအနေနဲ့ အသားကျဖို့ အတော်လေး ကြိုးစားရဦးမှာဖြစ်ပါတယ်။