ဆာဂျင်ရက်လစ်ဖ်တို့ အဖွဲ့ကြောင့် ကစားသမား ခေါ်ယူရေး သူ့လုပ်ပိုင်ခွင့်တွေ ထိခိုက်မှာ တန်ဟက် စိုးရိမ် စိတ်ပူနေ

မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို အနည်းစု ရှယ်ယာရှင်တွေ အဖြစ် ပိုင်ရှင် အဖွဲ့ထဲ ဆာဂျင်ရက်လစ်ဖ် ဦးဆောင်တဲ့ အဖွဲ့တွေ ရောက်လာပြီ အသင်း လုပ်ငန်းဆောင်တာတွေ တာဝန်ယူ တော့မှာ ဖြစ်ပေမဲ့လည်း အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်ကိုတော့ မထိခိုက်ဖို့ နည်းပြအဲရစ်တန်ဟတ်က မျှော်လင့်နေပါတယ်။

ဗြိတိန်သူဌေးကြီး ဆာဂျင် ရက်ကလစ်ဖ်ဟာ မန်ယူရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ဖို့ သဘောတူခဲ့ပြီးတဲ့နောက် မှာတော့ ဘောလုံးအသင်းရဲ့ အကြီးအကဲဖြစ်လာတော့မှာ ဖြစ်သလို သူ့ရဲ့ အားထားရတဲ့ လူယုံတွေဟာဆိုရင်လည်း ယူနိုက်တက်ရဲ့ အကြီးတန်းရာထူးတွေကို ရယူဖို့ အစီအစဉ် ရှိနေပါတယ်။

ဒါ့အပြင် ရက်ကလစ်ဖ်ဦးဆောင်တဲ့အဖွဲ့ဟာ မန်ယူမှာ ဘောလုံးရေးရာနဲ့ ပတ်သက်တဲ့ အရပ်ရပ်ဆိုင်ရာ ကိစ္စတွေ အကုန်လုံးကို ချုပ်ကိုင်တော့မှာဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ရဲ့ လက်ရှိစာချုပ်ပါ အချက်အလက်တွေအရ နယ်သာလန်သားဟာ အသင်းရဲ့ ကစားသမား အပြောင်းအရွှေ့ဆိုင်ရာ ကိစ္စအ၀၀ကို စိတ်တိုင်းကျ စီမံခန့်ခွဲပိုင်ခွင့် ရှိပြီး ကြိုက်ရင် ကြိုက်တဲ့သူကို ခေါ်နိုင်သလို မကြိုက်ရင်လည်း ငြင်းပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် တန်ဟတ်ဟာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ပြီးပြီးချင်းမှာတင် တပည့်ဟောင်းဖြစ်တဲ့ အန်တိုနီကို ပေါင် ၈၅ သန်းသုံးပြီး ခေါ်ခဲ့တာမျိုးတွေတောင် ရှိခဲ့ပါတယ်။

ဒါပေမဲ့ မန်ယူရဲ့ဘောလုံးရေးရာ ကိစ္စ အ၀၀ကို တာဝန်ယူကြတော့မယ့် ရက်ကလစ်ဖ်နဲ့ အပေါင်းပါ အဖွဲ့ဟာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေနဲ့ အင်အားဖြည့်တင်းမှုတွေ လုပ် ဖို့ အစီအစဉ်တွေလည်း ရှိလာပါပြီ။

ဒီနေရာမှာ အဲရစ်တန်ဟတ်က သူ့ရဲ့ စိတ်ကူးနဲ့ ထပ်တူ မကျမှာကို စိုးရိမ်နေတယ်လို့ သတင်းထွက်နေပြီး ကစားသမား အပြောင်းအရွှေ့ကိစ္စတွေ အပေါ်မှာ သူ့ခြေသူ့လက်နဲ့ စိတ်တိုင်းကျ ဆက်ပြီး လုပ်ခွင့်ရဖို့ မျှော်လင့်နေတယ်လို့ ဗြိတိန် အခြေစိုက် သတင်းတွေက ဖော်ပြနေကြပါတယ်။

လက်ရှိမှာ မန်ယူဟာ နယူးကာ ဆယ် အသင်း အားကစားဒါရိုက်တာ အက်ရှ်ဝတ်ကိုလည်း အားကစားဒါရိုက်တာ ရာထူး ခန့်အပ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။