မန်ယူ ပိုင်ရှင်အဖွဲ့ထဲ ရောက်တာနဲ့ ဂလေဇာတို့ အရင်လို ငွေနှိုက်မရအောင် ချုပ်လိုက်တဲ့ ဆာဂျင်ရက်ကလစ်ဖ်
မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ကို ဆာဂျင်ရက်ကလစ်တို့ ဝယ်ယူမှုဟာ လာမယ့် ၆ ပတ်အတွင်း ကိစ္စအားလုံး ပြီးမြောက်တော့မှာ ဖြစ်ပြီး သရဲနီပရိသတ်တွေ မျှော်လင့်ချက်တွေ အမြန်ဆုံးဖြစ်လာဖို့ ရှိနေပါတယ်။
ဒီအတောအတွင်း ကလပ်အသင်းနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ရက်ကလစ်တို့က ပါဝင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့သော ကလပ်ရဲ့ စီပွားရေး ကိစ္စတွေကို သူတို့ ကိုယ်တိုင် လုပ်ခွင့်ရဖို့တော့ အချိန် အနည်းငယ် စောင့်ရပါဦးမယ်။

ရက်ကလစ် က ယူနိုက်တက်တို့အတွက် ကယ်တင်ရှင် ဖြစ်လာနိုင်တာကတော့ သမိုင်းဝင် ကလပ်ကို ဂလေဇာတို့ မိသားစု အလုံးစုံ ထိန်းချုပ်ထားမှုကနေ အုပ်ချုပ်ရေးပိုင်း ခွဲဝေ တာဝန်ယူမှု ရှိလာမှာဖြစ်လို့ပါပဲ။
လက်တလောမှာတင် ရက်ကလစ် တို့ရဲ့ လုပ်ဆောင်မှုက အိုးထရတ်ဖိုဒ့်မှာ ကောင်းချီးပေးခံရမှုတွေ ရှိနေပါပြီ။ Football Insider ရဲ့ အဆိုအရ ရက်ကလစ်ဟာ လာမယ့် ၃ နှစ်အတွက် ယူနိုက်တက်ရဲ့ အမြတ်ငွေ ခွဲဝေမှုတွေကို စတင် ရပ်တန့်လိုက်ပြီလို့ သိရပါတယ်။
ဆိုလိုတာကတော့ ဒီကာလတွေအတွင်းမှာ ဂလေဇာတို့ဟာ ယူနိုက်တက်ရဲ့ ဝင်ငွေတွေကို သူတို့ရဲ့ ပုဂ္ဂိုလ်ရေး ဘဏ်အကောင့်ထဲ ခွဲယူနေတာမျိုး လုပ်ခွင့်ရှိတော့မှာ မဟုတ်ပါဘူး။
ယူနိုက်တက်ရဲ့ အကူးအပြောင်းကာလမှာ ဝန်ထမ်းတွေ၊ မန်နေဂျာတွေနဲ့ ပထမအသင်းအတွက် အသုံးစရိတ်တွေကို ရက်ကလစ် တို့က ဝင်ရောက် ကိုင်တွယ်မှာ ဖြစ်ကာ ပိုပြီး စနစ်ကျတဲ့ ပုံစံတွေ မြင်တွေ့လာရမယ် မျှော်လင့်လာကြပါတယ်။