ရော်နယ်ဒို ယူနိုက်တက်ကနေ ထွက်ခဲ့ရပုံက ရှက်စရာ ဖြစ်ခဲ့ကြောင်း ပြန်ဖော်ထုတ် ပြောဆိုလိုက်တဲ့ အဲရစ်ဘိုင်လီ

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း အဲရစ်ဘိုင်လီက အသင်းဟောင်းကနေ ခရစ္စတီယာနို ရော်နယ်ဒို ထွက်ခွာရမှုနဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ကို ဦးတည် ပြောဆိုလိုက်ပါတယ်။

၂၀၁၆ တုန်းက ဘိုင်လီဟာ ယူနိုက်တက်ထံ လာလီဂါကလပ် ဗီလာရီးရဲလ်ကနေ ပြောင်းလာခဲ့တာဖြစ်ပါတယ်။ အိုင်ဗရီကို့စ် သားဟာ ယူနိုက်တက်အတွက် ၁၁၃ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ကာ ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့တုန်းက ယူနိုက်တက်ဟာ စာချုပ်သက်တမ်း ၁ နှစ်ကျန်နေသေးပေမယ့် ဘိုင်လီကို အသင်းကနေ အလွတ်နဲ့ထွက်ခွာခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

တူရကီကလပ် ဘက်ဆီးတက် အသင်းမှာ အဆင်မပြေခဲ့တဲ့နောက် ဘိုင်လီဟာ အသင်းဟောင်း ဗီလာရီးရဲလ်ထံ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် အက်သလက်တစ်သတင်းဌာနနဲ့ အင်တာဗျူးမှာ ဘိုင်လီက ရော်နယ်ဒို ထွက်ခွာမှုနဲ့ ပတ်သက်ပြီး တန်ဟက်ကို အဓိက ဝေဖန်ခဲ့ပါတယ်။

“ရော်နယ်ဒိုက ဂန္ထဝင်တစ်ဦး အနေနဲ့ အသင်းဆီ ပြန်ရောက်လာခဲ့တာပါ။ သူက ကျွန်တော့်အတွက်တော့ ကမ္ဘာ့ အကောင်းဆုံး ကစားသမားပါ။ သူပြန်လာခဲ့ပြီး အသင်းကိုအများကြီးအကျိုးပြုခဲ့ပါတယ်။ ရော်နယ်ဒိုက အသိအမှတ်ပြု ခံရမှုနဲ့ထိုက်တန်ပါတယ်။ သူ ထွက်ခွာခဲ့ရမှုက ရှက်စရာပါ”လို့ ဘိုင်လီက ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ် အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ၂၀၂၁ တုန်းက ရော်နယ်ဒိုဟာ ယူနိုက်တက်ကိုပြန်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုရဲ့ဒုတိယအကြိမ်အသင်းပြောင်းလာမှုက မော်ဂန်နဲ့အင်တာဗျူးအပြီးမှာ လမ်းခွဲမှုတွေ စတင် ခဲ့တာဖြစ်ပါတယ်။

ဘိုင်လီက ယူနိုက်တက်မှာကစားခဲ့တုန်းက အသင်းဖော်တွေရဲ့အခြေအနေကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အသင်းမှာ ကစားသမားတော်တော်များများနဲ့တွဲကစားခဲ့ရပါတယ်။ ဗစ်တာဆို ကျွန်တော့်အိမ်မှာ ၁ မိနစ် လောက်နေပြီး စပိန်စကားပြောပါတယ်။ ဟယ်ရီက အေးအေးဆေးဆေးသမားပါ။ အခု သူကောင်းကောင်းကစားနိုင်လို့ ကျွန်တော်ဝမ်းသာပါတယ်။ သူ့မှာ သန်မာတဲ့စရိုက်လက္ခဏာရှိတယ်။ အင်္ဂလိပ်မီဒီယာတွေကြောင့် သူ့မှာ ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့ပါတယ်”လို့ ဘိုင်လီက ထပ်လောင်းပြောကြားခဲ့ပါတယ်။