ကွင်းလယ်မှာ မောင့်၊ အမရာဘတ်တို့ မဟန်တာကြောင့် အဲရစ်ဆင် အားကိုးနဲ့ ဒိန်းမတ်သား ကြယ်ပွင့်ကို ခေါ်ယူဖို့ မန်ယူ ပြင်ဆင်

မန်ချက်စတာယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ မော်တန်ဟျူးမန့်ဒ်ကို ပြောင်းရွှေ့ကြေး အပြင် သူတို့ရဲ့လူငယ်ကစားသမား ပယ်လစ်စထရီကို အလိုက်ပေး ကမ်းလှမ်းခဲ့တယ်လို့ ဗြိတိန်သတင်းတွေ က ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့လည်း စပို့တင်းလစ္စဘွန်းအသင်းက ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး သူတို့ ကစားသမားအတွက် စာချုပ်ပါ လျော်ကြေးဖြစ်တဲ့ ပေါင် ၆၉ သန်းအထိ ရဖို့ မျှော်လင့်နေပါတယ်။

ကွင်းလယ် ခံစစ်သမား ဖြစ်သူ ဟျူးမန့်ဒ်ကို ယူနိုက်တက်အသင်းဟာ အနည်းဆုံး ၆ ကြိမ်ထက် မနည်း စောင့်ကြည့်ခဲ့ပြီး ယူနိုက်တက် ကင်းထောက်တွေက ပေါ်တူဂီလိဂ်နဲ့ယူရိုပါလိဂ်ပွဲတွေမှာ ဟျူးမန့်ရဲ့ခြေစွမ်းကို သွားရောက်ကြည့်ရှု ခဲ့ကြပါတယ်။

ဒါ့အပြင် ဟျူးမန့်ဒ်ရဲ့အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ အဲရစ်ဆင်ကလည်း ယူနိုက်တက်မှာ ကစားနေတာကြောင့် အဲရစ်တန်ဟက် အနေနဲ့ ဟျူးမန့်ကို အိုးလ်ထရက်ဖို့ဒ်ဆီ ခေါ်ဆောင်ဖို့ မျှော်လင့်ချက်ရှိနေပါတယ်။

ဟျူးမန့်ဒ်နဲ့ အဲရစ်ဆင်တို့ဟာ ဒိန်းမတ် လက်ရွေးစင်အသင်းမှာ အတူတွဲဖက်ကစားနေတာဖြစ်ပြီး အဲရစ်ဆင်က ဟျူးမန့်ဒ် အတွက် လေးစားရတဲ့ စီနီယာတစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့အပြင် အခုလက်ရှိ ယူနိုက်တက်အသင်းမှာ ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူး ဟွိုင်လန်းလည်း ရှိနေတာကြောင့် အဲရစ်ဆင်နဲ့ ဟွိုင်လန်းတို့က ဟျူးမန့်ဒ်ကို ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖြစ်အောင် စည်းရုံးနိုင်ဖို့ လိုအပ်နေပါပြီ။

ယူနိုက်တက်အသင်းဟာ ဟျူးမန့်ဒ်အတွက် ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့ တောင်ပံတိုက်စစ်ကစားသမား ပယ်လစ်စထရီကို အလိုက်ပေး ကမ်းလှမ်းခဲ့ပေမဲ့ စပို့တင်းလစ္စဘွန်းအသင်းကတော့ ပြောင်းရွှေ့ကြေးသီးသန့်ပဲ လိုချင်နေပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သူ ဟျူးမန့်ဒ်ဟာ ဒီရာသီအစက လက်ချီအသင်းကနေ စပို့တင်းလစ္စဘွန်းကို ပေါင် ၁၅ သန်းနဲ့ပြောင်းရွှေ့ခဲ့သူပါ။

လက်ချီကစားသမားဘ၀ နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၂၂-၂၃ ရာသီမှာ စီးရီးအေရဲ့ Tackles ပြုလုပ်နိုင်မှု တတိယ အများဆုံးကစားသမားအဖြစ် အကြိမ် ၉၀ နဲ့ရပ်တည်ခဲ့သလို ပြိုင်ဘက်အသင်းရဲ့ ဘောလုံးပေးပို့မှုကို Blocks လုပ်နိုင်မှုနဲ့ ဘောလုံးပြန်လည်ရယူနိုင်မှု အများဆုံး ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

ဒီလိုခြေစွမ်းကောင်းတွေ ပြသနိုင်တာကြောင့် စပို့တင်းလစ္စဘွန်းအသင်းက ဟျူးမန့်ဒ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး ဒီရာသီ ပေါ်တူဂီလိဂ်မှာ ဟျူးမန့်ဒ်က ၁၄ ပွဲကစား၊ အခွင့်အရေးဖန်တီးနိုင်မှု ၁၁ ကြိမ်၊ ဘောလုံးပေးပို့မှု ၅၉၉ ကြိမ်၊ သွင်းဂိုး ၁ ဂိုး၊ ဂိုးဖန်တီးမှု ၁ ကြိမ်၊ Tackles ၂၉ ကြိမ်၊ ပြစ်ဒဏ်ကျူးလွန်မှု ၂၁ ကြိမ်ရှိခဲ့ပါတယ်။

ယူနိုက်တက်ကွင်းလယ်မှာ ဒီရာသီမှ အသင်းကို ရောက်လာတဲ့ မေဆင်မောင့်၊ အမ်မဘရာတ်တို့ဟာ ပုံမှန်ခြေစွမ်း မပြနိုင်ဘဲ ရုန်းကန်နေရပြီး ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးကလည်း ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့အတူ စွမ်းဆောင်ရည်ကောင်း ပျောက်ဆုံးနေတာကြောင့် အဲရစ်တန်ဟက်က ကွင်းလယ်ပိုင်း အားဖြည့်ဖို့ ဆန္ဒရှိနေပါတယ်။