မန်ချက်စတာ ယူနိုက်တက်မှာ လုံးဝကို ဆက်ရှိ မနေသင့်တော့တဲ့ တိုက်စစ်သမား အား သရဲနီဟောင်းကြီး ဖော်ထုတ်

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ဒွိုက်ယော့ခ်က လက်ရှိ အသင်းရဲ့ တိုက်စစ်ကစားသမား အန်တိုနီ မာရှယ် အနေနဲ့ သူ့အသက်အရွယ်နဲ့ဆို အငှားထွက်ကစားဖို့ မလွယ်တော့တာကြောင့် အသင်းကနေ ဒီတိုင်းသာ ထွက်ခွာသွားသင့်တယ်လို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ တိုက်စစ်မှုးတွေ ဂိုးသွင်းနည်းနေပြီး အဆုံးသတ်ပိုင်း ဝေဖန်သံတွေ အများကြီး ရှိနေပေမယ့် ဒွိုက်ယော့ခ်ကတော့ မာရှယ်ကို သာ အထူးပြု ပြောဆိုခဲ့တာပါ။

အသက် (၂၈)နှစ် ရှိပြီ ဖြစ်တဲ့ ပြင်သစ် တိုက်စစ်ကစားသမား မာရှယ်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကမှ မိုနာကို အသင်းကနေ မန်ယူနိုက်တက်အသင်းဆီကို ပေါင် (၃၆)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး လက်ရှိ ယူနိုက်တက် ကစားသမားတွေထဲမှာ အသင်းရဲ့ သက်တမ်းရင့် ကစားသမားတစ်ဦးပါ ဖြစ်နေရပါတယ်။

ဒါပေမယ့် မာရှယ်ရဲ့ ခြေစွမ်းတွေက တည်ငြိမ်မှု မရှိလှပဲ ဒဏ်ရာတွေပါ မကြာခဏ ရရှိနေတက်တာကြောင့် အသင်း တိုက်စစ်ပိုင်းမှာ အားထားလောက်စရာ ဖြစ်မလာတော့ပဲ ဒီရာသီမှာဆိုရင်လည်း (၁၉)ပွဲကစားပြီး (၂)ဂိုးသာ သွင်းယူ ထားနိုင်ခဲ့ပါတယ်။

မာရှယ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကစားသမားဟောင်းကြီး ဒွိုက်ယော့ခ်က “မာရှယ်ဟာ ၂၀၁၅ခုနှစ်ကတည်းက အသင်းကို ရောက်နေခဲ့တယ်။ စရောက်တုန်းကတော့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသလိုနဲ့ နောက်ပြီးတော့ သူက ဘာမှ မလုပ်ဆောင်ပေးနိုင်တော့ဘူး။”

“အခု သူက အသက် (၂၈)နှစ် ရှိနေပါပြီ။ ဒီလို အသက်အရွယ် ကစားသမားမျိုးကို အငှားချလို့ မရပါဘူး။ ဒီအရွယ် ဆိုတာ ကစားသမားတစ်ဦးရဲ့ အမြင့်ဆုံး စွမ်းရည်မျိုး ရှိနေတဲ့ အသက်အပိုင်းအခြားပါ။ ဒီလို အရွယ်မျိုးမှာ အငှားထွက် ကစားရမယ်ဆိုရင်လည်း ဒါဟာ ဒီကစားသမားအနေနဲ့ ခြေစွမ်း လုံလောက်မှု ရှိမနေဘူးဆိုတာကို ပြသနေတာပါပဲ။”

“နောက်ပြီးတော့ သူရဲ့ လုပ်ခလစာကလည်း ပြသာနာတစ်ရပ်လို့ ပြောရမလိုပါပဲ။ ဒီလို ကစားသမားတွေကို အသင်းကနေ ဖယ်ရှားပစ်ဖို့ဆိုတာ နည်းလမ်း အမြဲ ရှိပါတယ်။ မာရှယ်အနေနဲ့ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းမှာ လုံးဝ ရှိကို ရှိမနေသင့်တော့ပါဘူး။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။