ဒေါ့မွန် ပြန်ရောက်မှာ အိမ်ရောက်သလို ခံစားရတော့တယ် ဆိုတဲ့ ဆန်ချို ရဲ့ ဂျာမနီရောက် နှုတ်ခွန်းဆက်စကား
အသင်းဟောင်း ဒေါ့မွန် ကို အငှားနဲ့ ပြန်ရောက်သွားပြီးနောက် အင်္ဂလန်သား တိုက်စစ်သမား ဆန်ချိုဟာ ဝမ်းမြောက်နေပြီး အိမ်ပြန် လာရသလိုပဲ လို့ ဖွင့်ပြော လိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဘွန်ဒက်စ်လီဂါကလပ်နဲ့ ဇွန် ၃၀ အထိ သက်တမ်းရှိ အငှား စာချုပ် ချုပ်ဆိုခဲ့တာပါ။

ဆန်ချိုဟာ ၂၀၁၇ တုန်းက မန်စီးတီးအကယ်ဒမီကနေ ဒေါ့မွန် ကို ပထမဆုံးအကြိမ်ပြောင်းဖူးပါတယ်။ အဲဒီတုန်းက ဒေါ့မွန် အတွက် ၁၃၇ ပွဲမှာ ဂိုး ၅၀ သွင်းပြီး ခြေစွမ်းပြကစားနိုင်ခဲ့တာပါ။
၂၀၂၁ ရောက်မှ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၇၃ သန်းနဲ့ မန်ယူကို ပြောင်းခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က အဲရစ်တန်ဟက်နဲ့ စကားမများခင် အိုးလ်ထရက်ဖို့ဒ်က ပထမဆုံးနှစ်ရာသီမှာပွဲ ၇၀ ကစားပြီး ၁၂ ဂိုးသာ သွင်းနိုင်ခဲ့တာပါ။
လူလိမ် တစ်ယောက်လို့ တန်ဟက်ကို လူသိရှင်ကြားခေါ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့စက်တင်ဘာမှာ မန်ယူ ပထမအသင်းက ဖယ်ရှားခံခဲ့ရပါတယ်။
ဒါပေမဲ့ တစ်ကျော့ပြန် ဒေါ့မွန် မှာ သူ့ကစားသမားဘဝကို ပြန်အဖတ်ဆယ်နိုင်မယ်လို့ ဆန်ချိုက မျှော်လင့်နေတာပါ။
”ဒီနေ့မှာပဲ အဝတ်အစားလဲခန်းထဲကို ရောက်လာချိန်မှာ အိမ်ပြန်ရောက်လာသလို ခံစားရပါတယ်။ ဒီအသင်း အကြောင်းကို ကျွန်တော် ကောင်းကောင်း သိပါတယ်။
ဒီမှာရှိတဲ့ ပရိသတ်တွေနဲ့လည်း အမြဲတမ်းအရမ်းကို နီးကပ်ခဲ့တာပါ။ ဒီက တာဝန်ရှိသူတွေနဲ့လည်း ဘယ်တော့မှ အဆက်အသွယ်မပြတ်ခဲ့ပါဘူး။
အသင်းဖော်တွေနဲ့ ပြန်တွေ့ရဖို့၊ မျက်နှာဖို့ အပြုံးနဲ့ ဘောလုံးကစားရဖို့၊ ဂိုးတွေဖန်တီးဖို့၊ ဂိုးတွေသွင်းနိုင်ဖို့၊ ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် ကူညီပေးနိုင်ဖို့ ကျွန်တော်မစောင့်နိုင်တော့ပါဘူး”လို့ ဆန်ချိုက ဒေါ့မွန် အသင်း ဝက်ဘ်ဆိုဒ်ကို ပြောခဲ့ပါတယ်။