အန်တိုနီ ခြေစွမ်းပျောက်နေတာ သူနဲ့ ကစားသမားကြောင့် မဟုတ်ဘူး လို့ ဆင်ခြေပေး ကာကွယ်လာတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ကတော့ သူ့တပည့်ကျော် ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီမှာ ကွင်းပြင်ပပြဿနာရိုက်ခတ်မှုရဲ့ ဒဏ်ခံနေရတာကြောင့် ခြေစွမ်းပျောက်ဆုံးနေတာ ဖြစ်ကြောင်း ကာကွယ်စကား ပြောကြားလာပါတယ်။

ဘရာဇီး တောင်ပံကစားသမားဟာ အမျိုးသမီး ၃ ဦးတို့ရဲ့ အိမ်တွင်းအကြမ်းဖက်မှုဖြင့် စွပ်စွဲခြင်းခံရပြီးနောက် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုခံနေရပါတယ်။ ဒါပေမဲ့ သူဟာ ဘရာဇီးမှာသော်လည်းကောင်း၊ ဗြိတိန်မှာသော်လည်းကောင်း ဖမ်းဆီး ခံရခြင်း(သို့မဟုတ်) စွဲချက်တင်ခြင်းခံရခြင်း မရှိသေးပါဘူး။

အသက် ၂၃ နှစ်ရှိ အေဂျက်စ် တောင်ပံကစားသမားဟောင်းဟာ ယခုရာသီတွင် ယူနိုက်တက်အတွက် ၂၁ ပွဲ ကစားထား ရာမှာ ဂိုးသွင်းနိုင်ခြင်း မရှိသလို ဖန်တီးမှုလည်း ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။

အဲရစ်တန်ဟက်က “ကွင်းပြင်ပကိစ္စတွေက သူ ကစားတာကို ရပ်တန့်ပစ်နေတယ်လို့ ထင်တယ်။ ဒါတွေက သူ့ကို ရိုက်ခတ်တယ်။ ဒါကို သူ ရင်ဆိုင်ရမှာပါ။ ဒါတွေက သူ့ကို ပြဿနာဖြစ်စေတယ်ဆိုရင် ဒါကို ရှင်းရမယ်။ သူ့ကို လိုအပ်တဲ့ ထောက်ပံ့ကူညီမှု အားလုံးလုပ်ပေးပါမယ်။ ဒါပေမဲ့ သူ့ဘက်ကလည်း ပိုကောင်းအောင် လုပ်နေဖို့ လိုတယ်”လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် အေဂျက်စ်မှ ယူနိုက်တက်သို့ ပေါင် ၈၂ သန်းဖြင့် ပြောင်းလာပြီးနောက် ယူနိုက်တက်သမိုင်းတွင် ဒုတိယပြောင်းရွှေ့ကြေးအများဆုံးကစားသမားဖြစ်လာသူ ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်အတွက် ၂၀၂၂-၂၃ ရာသီမှာ ၄၇ ပွဲကစားခဲ့ရာမှာ ၁၀ ဂိုးသွင်းပြီး ၅ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူဟာ ယခုရာသီမှာ ကွင်းပြင်ပပြဿနာကြောင့် ယခုရာသီအစ ပွဲ ၄ ပွဲသာ ပွဲထွက်ကစားနိုင်ခဲ့ပါတယ်။

အန်တိုနီဟာ ပြီးခဲတဲ့ စက်တင်ဘာလ နိုင်ငံတကာ သီတင်းပတ် ကာလမှ စတင်ကာ အိမ်တွင်းအကြမ်းဖက်မှုဖြင့် ရည်းစားဟောင်း ရဲ့ စွပ်စွဲမှုခံခဲ့ရပါတယ်။ ယင်းနောက်ပိုင်းတွင် ရေဆာဖရီတီးစ်နှင့် အင်ဂရက်လာနာတို့ကလည်း ၂၀၂၂ ခုနှစ်တုန်းက အန်တိုနီရဲ့ အိမ်တွင်းအကြမ်းဖက်မှုနှင့် ကြုံခဲ့ရကြောင်း စွပ်စွဲလာခဲ့ကြပါတယ်။