စပါးနဲ့ပွဲ အမှီ ပြန်ကောင်းလာတဲ့ ကြယ်ပွင့်တွေကြောင့် မန်ယူ အသင်း လူစာရင်း တောင့်တင်းသွားပြီ
ဒီတပတ် တော့တင်ဟမ် စပါးအသင်းနဲ့ ကစားမယ့်ပွဲအတွက် မန်ယူအသင်း လူစာရင်းမှာ အဓိက နောက်ခံလူဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ် ပြန်ပြီး ပါလာတော့မယ်လို့ သိရပါတယ်။
မနက်ဖြန် တနင်္ဂနွေနေ့ကျ ရင် မန်ယူဟာ နည်းပြ ပိုစတီကိုဂလူရဲ့ စပါးအသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံရတော့ မှာဖြစ်ပြီး ဒဏ်ရာရနေတဲ့ ကစားသမား ၆ ယောက်လောက်အထိ ပြန်ပါလာနိုင်တယ်လို့ သိရပါတယ်။

မာတီနက်ဇ်ဟာ ခြေချောင်းရိုးကျိုးတဲ့ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ လကတည်းက အနားယူနေခဲ့ရတာပါ။
အာဂျင်တီးနားလက်ရွေးစင်ဟာ ဒီအတောအတွင်း မှာ ဒဏ်ရာကို ၂ ကြိမ်အထိ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အေဂျက်ဇ်နောက်ခံလူဟောင်းဟာ ယူနိုက်တက်နဲ့အတူ ကွက်ပြည့် လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။
စပါးနဲ့ ကစားမယ့် လူစာရင်းမှာ မာတီနက်ဇ် ပြန်လာတော့မှာလားဆိုပြီး သတင်းထောက်တွေရဲ့ မေးမြန်းလာမှု အပေါ်မှာတော့ နည်းပြ တန်ဟတ်က
” ကျွန်တော်တို့မှာ ဒဏ်ရာ ရနေတဲ့သူတွေ အများကြီးရှိတယ်။ ဒီတပတ်လေ့ကျင့်ရေးအစီအစဉ်မှာတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်မှာဆိုရင် မာတီနက်ဇ် လေ့ကျင့်ခန်းလုပ်တယ်။ ကက်စ်မီရို လေ့ကျင့်ခန်း လုပ်တယ်။ လုခ်ရှော လေ့ကျင့်ခန်း လုပ်တယ်။
ဒါကြောင့် ကစားသမားတွေ ပြန်လာနေကြပါပြီ။ သူတို့ဟာ တနင်္ဂနွေနေ့ ကစားမယ့်ပွဲအတွက် လူရွေးခံဖို့ ပြန်လာနေကြတာပါ။ ” လို့ ပြောခဲ့ပါတယ်။
စပါးနဲ့ ကစား မယ့် ပရီးမီးယားလိဂ် ပွဲစဉ်အတွက် ဒဏ်ရာကနေ သက်သာလာလို့ မန်ယူအသင်း လူစာရင်းနဲ့အတူ ပြန်ပါလာနိုင်တဲ့ ကစားသမားတွေထဲမှာ အဲရစ်ဆင်၊ အန်တိုနီ၊ ဒီယာ လိုတို့လည်း ရှိနေပါတယ်။
ဒါကြောင့် ဒီတစ်ပတ်ထဲမှာတင် မန်ယူဟာ ဒဏ်ရာကြောင့်အနားယူနေခဲ့ရတဲ့ ကစားသမားတွေထဲက အသင်းရဲ့ ကစားအားကိုပံ့ပိုးပေးနိုင်မယ့် ကစားသမား ၆ ယောက်လောက်အထိ ပြန်ပါလာတော့မှာ ဖြစ်ပါတယ်။
ကွင်းလယ်လူဖြစ်တဲ့ အဲရစ်ဆင် ဟာ ကြားရက်ထဲမှာ အဖျားဝေဒနာ ခံစားခဲ့ရပေမဲ့ ပြန်ကောင်းလာနေပြီလို့လည်း သိရပါ တယ်။
ဒါပေမဲ့ မေဆင်မောင့်၊ လင်ဒီလော့ဖ်နဲ့ မာလာစီယာတို့ကတော့ ဆက်ပြီး အနားယူဖို့ လိုနေပါသေးတယ်။