အဲရစ်တန်ဟက် ဘယ်တော့ မန်ယူကနေ ထွက်ရမလဲ သုံးသပ်သွားတဲ့ ဘီဘီစီ ဆရာကြီး ဆက်တန်

နည်းပြ အဲရစ်တန်ဟက် ဟာ ၂၀၂၂ ခုနှစ် နွေရာသီတွင် အိုးထရက်ဖို့ဒ်မှာ စတင်တာဝန်ယူခဲ့ပြီး ၆ နှစ်အတွင်းပထမဆုံး ဆုဖလားဖြစ်တဲ့ ကာရာဘောင်းဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

တန်ဟက်ရဲ့ပထမဆုံးရာသီတွင် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်တွင် အဆင့် ၃ နေရာဖြင့် ရာသီသိမ်းနိုင်ခဲ့သလို အက်ဖ်အေဖလားမှာလည်း ဒုတိယနေရာရရှိခဲ့ပါတယ်။

နယ်သာလန်သား နည်းပြဟာ ယခုအချိန်အထိ ခက်ခဲတဲ့ ၂၀၂၃-၂၄ ရာသီကို ကြံ့ကြံ့ခံထားပြီး ပွဲ ၂၀ ကစား အပြီးမှာတော့ ယူနိုက်တက်မှာ အဆင့် ၈ နေရာတွင် ရပ်တည်နေပြီး ချန်ပီယံလိဂ်မှလည်း ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

တန်ဟက်ဟာ သူ့ရဲ့ကစားပုံနှင့် ကစားသမားခေါ်ယူမှုများအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ဒေါ့မွန်သို့ အငှားသွားရောက်ခဲ့တဲ့ ဆန်ချိုအား ဆက်ဆံပုံနှင့်ပတ်သက်ပြီး ဝေဖန်ခြင်းခံနေရပါတယ်။

ဘီဘီစီမှ ခရစ်ဆက်တန်ကတော့ တန်ဟက် ဟာ ဒီရာသီကုန်ထိပဲ မန်ယူမှာ ဆက်ရှိမယ် လို့ သုံးသပ်သွားပါတယ်။

“ယူနိုက်တက်မှာ ဆန်ချိုက တန်ဟက်ကို ကျော်လွန်နိုင်မယ် မထင်တော့ပါဘူး။ ဒါဟာ ဒီအတိုင်းပဲ ပြီးဆုံးသွားပါပြီ။ ရာသီကုန်မှာ ယူနိုက်တက်ဆီ သူ ပြန်လာမှာဖြစ်ပေမယ့် ကျွန်တော် သံသယ ရှိနေပါတယ်”

“တန်ဟက်က သူ လုပ်နေတဲ့လမ်းအတိုင်းပဲ ဆက်လျှောက်နေမယ်ဆိုရင် ရာသီကုန်မှာ သူ ထွက်ရမယ်လို့ ထင်ပါတယ်” လို့ ဆက်တန်က ပြောပါတယ်။

ယူနိုက်တက်ဟာ ဘုန်းမောက်ကို အိမ်ကွင်းမှာ ၃-၀ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပါတယ်။

တန်ဟက်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ဝီဂန်ကို အနိုင်ယူခဲ့ပြီး တနင်္ဂနွေနေ့မှာ တော့တင်ဟမ်ကို အိမ်ကွင်းမှာ ဧည်ခံကစားရမှာဖြစ်ပါတယ်။