မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဆာလောင်စွာနဲ့ တကယ် တိုက်ပွဲဝင်မယ့်သူတွေ လိုတယ်

နည်းပြ အဲရစ်တန်ဟက်ကတော့ မန်ချက်စတာယူနိုက်တက်မှာ ကလပ်အမှတ်တံဆိပ်နှင့် ကလပ်အတွက် တိုက်ပွဲဝင်မဲ့ ကစားသမားများ လိုအပ်နေကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။

ယူနိုက်တက်ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်ဟာ ယနေ့ည အိုးထရက်ဖို့ဒ်မှာ တော့တင်ဟမ် စပါး ကို ဧည့်ခံကစားရမဲ့ ပွဲစဉ်အား လာရောက်ကြည့်ရှုဖို့ ရှိနေပါတယ်။ ဒါကြောင့်လည်း တန်ဟက်က မန်ယူအသင်း မျက်နှာပန်းလှလိုနေပါတယ်။

အဲရစ်တန်ဟက်က “အကောင်းဆုံး ကစားပြချင်ရင် ဆာလောင်တဲ့ကစားသမားတွေ လိုအပ်တယ်။ ပုဂ္ဂိုလ်ရေး ပိုင်းတွေ လိုအပ်တယ်။ ပြီးတော့ ဒီအမှတ်တံဆိပ်နဲ့ကလပ်အတွက် တိုက်ပွဲဝင်မဲ့ ကစားသမားတွေ လိုအပ်တယ်”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက် တောင်ပံကစားသမား ဂျာဒွန်ဆန်ချိုဟာ လေ့ကျင့်ခန်းစွမ်းဆောင်ရည်ကို ဝေဖန်မှု ပြုလုပ်ခဲ့တဲ့ အဲရစ်တန်ဟက်နှင့် လူသိရှင်ကြား ပြဿနာတက်ပြီးနောက် အသင်းဟောင်းဒေါ့မွန်သို့ အငှားဖြင့် ပြောင်းသွား ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ်မှာ ၁၄ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ ကလပ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားသစ်အားဖြည့်ရန် စဉ်းစားနေပါတယ်။

အထူးသဖြင့် ယူနိုက်တက်ဟာ နွေရာသီတုန်းက ခေါ်ယူထားတဲ့ တိုက်စစ်မှုး ရာစမပ်စ်ဟွိုင်းလန်းမှာ ထင်မှတ်ထားသလောက် ဂိုးသွင်းနိုင်ခြင်းမရှိမှုနှင့်အတူ တိုက်စစ်မှူး ခေါ်ယူရမဲ့ အခြေအနေတွင် ရှိနေပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ ယနေ့ည စပါး နဲ့ ပွဲစဉ်အပြီးတွင် အင်ဒရေအိုနာနာကို အာဖရိက ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မဲ့ ကင်မရွန်းသို့ စေလွှတ်ရပါမယ်။