ဂါနာချို ဘလိုင်းကြီး ဆွဲချခံရပေမယ့် ပင်နယ်တီ မပေးလို့ တင်းနေတဲ့ မန်ယူ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲကတော့ ညက အိုးထရက်ဖို့ဒ်မှာ အကြိတ်အနယ် ရှိခဲ့ပြီး ၂-၂ နဲ့ သရေကျသွားခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ကတော့ ထိုပွဲမှာ သူ့ အသင်း ရခဲ့သင့်တဲ့ ပင်နယ်တီ မရတဲ့ အပေါ် မကျေမနပ် ဖြစ်နေပြီး ပရီးမီးယားလိဂ်မှာ အဲဒီလို မျက်ကွယ်ပြုတဲ့ ဖြစ်ရပ်တွေ များနေကြောင်း ပြောဆို ခဲ့ပါတယ်။

ပထမပိုင်း ၁-၁ သရေ ဖြစ်နေချိန်မှာ စပါး နောက်ခံလူ ဒန်စတီ အူဒိုဂီ ဟာ ဧရိယာထဲမှာ ဂါနာချို ကို ဆွဲလှဲခဲ့ပါသေးတယ်။ ဒါပေမယ့် ဒိုင်လူကြီး ဂျွန် ဘရွတ်စ် က ပွဲကို ဆက် ကစားစေခဲ့ပြီး ထို အဖြစ်အပျက်ကို VAR နဲ့ စစ်ဆေးခြင်းလည်း မပြုခဲ့ပါဘူး။

ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ ပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ထို ဖြစ်ရပ် အကြောင်း မေးခံရချိန်မှာ ဒေါသထွက်နေခဲ့ပြီး ပရီးမီးယားလိဂ်မှာက ဒီလို ပြသနာတွေ တချိန်လုံး ရှိနေကြောင်း မကျေမနပ် ဆိုခဲ့ပါတယ်။

အဖြစ်အပျက်ကို VAR က ပြန်မစစ်ဆေးတဲ့ အပေါ် အံ့သြမိလားလို့ မေးခွန်းထုတ်ခံရချိန်မှာ တန်ဟက် က

” အံ့သြတာပေါ့။ ဒါပေမယ့် ကျွန်တော် အသားကျနေပါပြီ။ ဒီမှာက တစ်ရာသီလုံး အဲဒီလို ဖြစ်နေကြပါပဲ။ စပါးဘက်က ရိုမဲရိုး လည်း လက်ထိဘော တစ်ကြိမ် မြင်ခဲ့ရသေးတယ်။

အဖြစ်အပျက်တွေကို နံပါတ်စဉ်ထိုးပြီး ဆက် ချပြလို့ ရပါသေးတယ်။ တကွေ့ကွေ့မှာတော့ ကျွန်တော်တို့ မျက်နှာသာ ပေးခံရပြီး ရသင့်တဲ့ ရလဒ်တွေ ရမှာပါ။ အဲဒီလိုပဲ မျှော်လင့်ရတာပေါ့။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။