နာမည်ကြီး ကြယ်ပွင့် တိုက်စစ်မှုး ဘန်ဇီမာ ကို ခေါ်ယူဖို့ တကယ် ချိတ်ဆက်နေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ် မှ ပြင်သစ် ဝါရင့် တိုက်စစ်မှူးကြီး ကာရန် ဘန်ဇီမာကို ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ရီးယဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့အချိန် ဆော်ဒီပရိုလိဂ်ရဲ့ လက်ရှိ ချန်ပီယံ အယ်လ်အစ်တီဟတ်အသင်းဆီ အံ့အားသင့်ဖွယ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ သွားခဲ့တာပါ။

အသက် (၃၆)နှစ် အရွယ် ဘန်ဇီမာဟာ ဆော်ဒီမြေဆီ ရောက်ရှိချိန်မှာ အသင်းနဲ့ အဆင်ပြေခဲ့ပြီး သွင်းဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ဆော်ဒီမှာ မပျော်မရွှင် ဖြစ်လာခဲ့သလို ဥရောပဆီ ပြန်လာချင်ခဲ့ပါတယ်။

ဘန်ဇီမာဟာ ဒီနောက်ပိုင်း အယ်လ်အစ်တီဟတ်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို တောက်လျှောက် ပျက်ကွက်လျက် ရှိလာတဲ့အပြင် အသင်းနဲ့လည်း ပူးပေါင်းမှုတွေ မပြုလုပ်တော့ပဲ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့အတွက်ကိုသာ ဆက်တိုက် ဖိအားပေးလာခဲ့ပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဘန်ဇီမာကို တိုက်စစ်မှူး လိုအပ်နေတဲ့ မန်ယူနိုက်တက် ချယ်ဆီး အာဆင်နယ် တို့လို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေက (၆)လအငှားစာချုပ်နဲ့ ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ဘန်ဇီမာ လိုင်ယွန် ကစားသမားအဖြစ် ပါဝင်နေစဉ်ကတည်းက သူ့ကို စိတ်ဝင်စားမှုတွေ ရှိခဲ့ဖူးတဲ့ ယူနိုက်တက် အသင်းက အခုအချိန်မှာလည်း အသင်းတိုက်စစ်ပိုင်းအတွက် ဘန်ဇီမာလို အတွေ့အကြုံ ကောင်းတွေ ပြည့်ဝနေတဲ့ ကစားသမားကြီးကို ကာလတို အငှားစာချုပ်နဲ့ အရ ခေါ်ယူသွားချင်နေပါတယ်။