မန်ယူနဲ့ရော ကင်မရွန်းအသင်းနဲ့ပါ မျက်နှာပန်းမလှဘဲ ဖွတ်မရ ဓားမဆုံး ဖြစ်ခဲ့ရတဲ့ ဂိုးသမား အိုနာနာ

ဂိုးသမား အင်ဒရေ အိုနာနာဟာ မန်ချက်စတာယူနိုက်တက်ရဲ့ စပါး နဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲ ကစားပြီး နောက် ချက်ချင်းသလို စင်းလုံးငှားလေယာဉ်ဖြင့် အိုင်ဗရီကို့စ်သို့ သွားရောက်ခဲ့ပေမဲ့လည်း အချိန် ကြန့်ကြာမှုကြောင့် ကင်မရွန်းရဲ့ အာဖရိကဖလားအုပ်စုအဖွင့်ပွဲကို လွဲချော်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟာ ကင်မရွန်းရဲ့ အာဖရိကဖလားအဖွင့်ပွဲဖြစ်တဲ့ ဂီနီနှင့်ပွဲမတိုင်မီ တစ်ရက်ခန့်အလိုတွင် စပါးနဲ့ပွဲ ပါဝင် ကစားခဲ့ပါတယ်။ ဒီအတွက် ကလပ်နဲ့ရော နိုင်ငံအသင်းနဲ့ပါ ညှိနှိုင်းခဲ့ရတာပါ။

အိုနာနာ ဟာ စပါးနဲ့ ပွဲကစားပြီးနောက် ချက်ချင်းပင် လေဆိပ်သို့ ဆင်းခဲ့ပြီး ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ ထွက်ခွာခဲ့ပါတယ်။

ဒါပေမဲ့ အိုနာနာရဲ့ လေယာဉ်မှာ တနင်္လာနေ့နံနက်ပိုင်းတုန်းက မြူများစွာ ကျကာ ရာသီဥတုဆိုးရွားမှုကြောင့် အဘစ်ဂျန်ရှိ Yamoussoukro Airport တွင် ဆင်းခွင့်မရခဲ့ပါဘူး။

ဒါကြောင့်လည်း အိုနာနာရဲ့လေယာဉ်ဟာ အဘစ်ဂျန်နှင့် မိုင် ၁၅၀ ခန့်ကွာဝေးတဲ့ နေရာတွင် ဆင်းသက် ခဲ့ရပါတယ်။

အဲဒီကနေမှ အိုနာနာဟာ ကားဖြင့် Charles Konan Banny Stadium သို့ သွားရောက်ခဲ့ပေမဲ့လည်း ကင်မရွန်းရဲ့ ဂီနီနှင့် အဖွင့်ပွဲလူစာရင်းမှာပင် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ယင်းပွဲတွင် ကင်မရွန်းဟာ ဂီနီကို တစ်ယောက်အသာဖြင့် ကစားခဲ့ရပေမဲ့လည်း တစ်ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ၎င်းတို့ဟာ ဆီနီဂေါ၊ ဂမ်ဘီယာတို့နှင့် ဆက်လက် ကစားရပါဦးမယ်။

အိုနာနာ အတွက်တော့ နိုင်ငံအတွက်ရော ကလပ်အတွက်ပါ ပါဝင် ကစားချင်လို့ ဟိုပြေး ဒီပြေး ကြိုးစားခဲ့ပေမယ့် ဖွတ်မရ ဓားမဆုံး ဆိုသလို နှစ်သင်းလုံးလည်း ရလဒ်မကောင်း၊ သူလည်း မျက်နှာပန်း မလှ ဖြစ်ခဲ့ရပါတယ်။