အင်္ဂလန်ရဲ့ ၁ဝ ဂိုးပြတ် အနိုင်၊ ဂျိုဗစ်၊ မီလီတာအို၊ ဒါလော့တို့နဲ့ ယနေ့ နံနက်ခင်း သတင်းများ

အင်္ဂလန်ကတော့ ညကပွဲမှာ အဝေးကွင်းမှာ ဆန်မာရီနို အသင်းကို ၁ဝ ဂိုးထိ သွင်းကာ ဂိုးအပြတ်အသတ်နဲ့ အနိုင်ယူသွားပါတယ်။ အင်္ဂလန်အတွက် အဖွင့်ဂိုးကို မက်ဂွဲရားက သွင်းခဲ့ပြီး ဟယ်ရီကိန်းက ၄ ဂိုး၊ စမစ်ရို့စ်၊ တိုင်ရွန်မင့်ချ်၊ ဆာကာ၊ အေဘရာဟမ်ချ်နဲ့ ပြိုင်ဘက်က ကိုယ့်ဂိုးကိုယ်တစ်ဂိုး သွင်းပေးခဲ့တာပါ။

အင်္ဂလန်ဟာ ဒီပွဲမှာ ဟယ်ရီကိန်းကို စမစ်ရို့စ်၊ ဆာကာ၊ ဖိုဒန်၊ ဘယ်လင်ဟမ်တို့လို လူငယ်တွေနဲ့ တွဲပေးခဲ့ပါတယ်။ အဆင့်အတန်းချင်း တော်တော်လေး ကွာဟနေတာကြောင့် ပွဲက တစ်ဖတ်သတ် ဖြစ်နေခဲ့ပြီး အင်္ဂလန်က ထရိန်နင် ဆင်းသလို ကစားခဲ့တာပါ။

နာမည်ကြီး အီတလီကတာ့ စိတ်ပျက်စရာခြေစွမ်းကို ပြသခဲ့ပြီး မြောက်အိုင်ယာလန် အဝေးကွင်းမှာ သရေသာ ကျခဲ့လို့ ခြေစစ်ပွဲ တိုက်ရိုက် မအောင်တော့ဘဲ Play-Off ကစားရတော့မှာပါ။

ရီးရဲမက်ဒရစ် တိုက်စစ်မှူး ဂျိုဗစ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ မက်ဒရစ်ကနေ ထွက်ခွာလိုနေပါတယ်။ ၂၃ နှစ် အရွယ် တိုက်စစ်မှူးဟာ ဇန်နဝါရီမှာ ပုံမှန်ပွဲထွက်ခွင့်ရမဲ့ အသင်းကို အငှားနဲ့ပြောင်းလိုနေပါတယ်။

ချဲလ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ် ဗဟိုခံစစ်မှူး မီလီတာအိုကို ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းပြီး မြင့်မားတဲ့ လုပ်ခ ပေးဖို့ပါ စီစဉ်နေကြောင်း သတင်းထွက်နေပါတယ်။

မာနေးဟာ ဆီနီဂေါအသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရှိခဲ့တဲ့နောက် လီဗာပူးအသင်း အနေနဲ့ အာဆင်နယ်ပွဲအမှီ မာနေးရဲ့ ကြံ့ခိုင်မှုအပေါ် စောင့်ကြည့်နေရပါတယ်။

လက်ရှိမှာ လီဗာပူး ကွင်းလယ်လူ ၅ ဦးထိက ဒဏ်ရာရှိနေပြီး ၃ ဦးက ဒဏ်ရာကနေ ပြန် သက်သာလာစဖြစ်ကာ ကြံ့ခိုင်မှု ပြည့်နေတဲ့ စီနီယာ ကွင်းလယ်လူ တစ်ဦးမှ မရှိပါဘူး။

ချဲလ်ဆီးကွင်းလယ်လူ လော့တပ်ချပ်စ်က ဂိုးသမားမန်ဒီဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားဖြစ်ကြောင်း ချီးကျူးလိုက်ပါတယ်။ မန်ဒီရဲ့ လက်စွမ်းဟာ တည်ငြိမ်လွန်းပြီး ဆုဖလား အောင်မြင်မှုတွေ ရချင်ရင် မန်ဒီလို ဂိုးသမားမျိုး ပိုင်ဆိုင်ထားရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နောက်ခံလူ ဒါလော့ကတော့ သူ့အနေနဲ့ အသင်းမပြောင်းဘဲ မန်ယူမှာ ဆက်နေခဲ့ရခြင်း အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။ “အသင်းက ယုံတဲ့အတွက် ဆက်နေခဲ့တာပါ။ ကျွန်တော့်အနေနဲ့ အသင်းမှာအရေးပါတဲ့ နေရာကနေ ကစားနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်”လို့ဒါလော့က ဖွင့်ဟခဲ့ပါတယ်။

စပါးအနေနဲ့ ရီးရဲမက်ဒရစ်တိုက်စစ်ကစားသ မား ဟာဇက်ကို ခေါ်ယူနိုင်မဲ့ အခွင့်အရေးကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ ရီးရဲအနေနဲ့ ဟာဇက်ကို ခေါ်မလားဆိုပြီး စပါးကို ကမ်းလှမ်းခဲ့ပေမဲ့ နည်းပြကွန်တီကခေါ်ယူလိုခြင်း မရှိတာဖြစ်ပါတယ်။