မဟာပြိုင်ဘက် အသင်းမှ ရောက်လာတဲ့ မန်ယူ စီအီးအိုသစ် အိုမာ ဘာရာဒါ ဆိုတာ ဘယ်သူလဲ
မန်ချက်စတာယူနိုက်တက်ဟာ မြို့ခံ ပြိုင်ဘက် မန်စီးတီးရဲ့ City Football Group မှာ ထိပ်တန်း အရာရှိ ဖြစ်တဲ့ Chief Football Operations Officer ရာထူးမှ နုတ်ထွက်လာတဲ့ အိုမာ ဘာရာဒါကို အမှုဆောင်ချုပ် အဖြစ် ခန့်အပ်လိုက်ပါတယ်။
ယူနိုက်တက်ဟာ နိုဝင်ဘာလတုန်းက စီအီးအိုရာထူးမှ ရစ်ချက်အာနိုး နုတ်ထွက်သွားပြီးနောက် စီအီးအိုသစ် ခန့်အပ်ရန် ရှာဖွေလာခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက ယူနိုက်တက် စီအီးအို ရာထူးကို Ineos အကြီးအကဲ ဂျိန်းကလောက်ဘလင့်က ရယူမယ် လို့ ယူဆခဲ့ရပါတယ်။
ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဘောလုံးပိုင်းဆိုင်ရာသာမက ကော်မာရှယ်ပိုင်းလည်း ကျွမ်းကျင်တဲ့ ဘာရီဒါကို ခန့်အပ်လာပါတယ်။
ဘရာဒါဟာ မန်စီးတီးအသင်းတွင် ကော်မရှင်ဒါရိုက်တာအဖြစ် စတင်ဆောင်ရွက်ပြီးနောက် City Football Group တွင် Chief Operating Officer၊ Chief Football Operations Officer စတဲ့ ရာထူးများ တိုးမြှင့် ရရှိခဲ့သူ ဖြစ်ပါတယ်။
ဘာရာဒါဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ မန်စီးတီးကို ရောက်လာပြီးတဲ့နောက် မိုးပြာရောင်အသင်းနဲ့အတူ ၁၀ နှစ်အထိ လက်တွဲလာခဲ့သူဖြစ်ပြီး စီးတီးကိုလည်း ဥရောပမှာ ယူပြစရာ ဆုဖလား မကျန်အောင်ကို စွမ်းဆောင်ပေးခဲ့သူပါ။
ဒီလိုခေါင်းဆောင်မျိုးဟာ ယူနိုက်တက်ကိုလည်း ဥရောပမှာ ခမ်းနားထည်ဝါတဲ့ အသင်းမျိုး ပြန်ဖြစ်အောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယူနိုက်တက် အကြီးအကဲတွေ ယုံကြည်ပုံရပါတယ်။
ယူနိုက်တက်ရဲ့ ထုတ်ပြန်ချက်အရတော့ ပရိသတ်တွေနဲ့ အသင်းကြားမှာ ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိလာစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ရစ်ချက်အာနိုး နုတ်ထွက်သွားပြီးနောက် ဥပဒေပိုင်းဆိုင်ရာ အကြီးအကဲ ပက်ထရစ် စတီးဝပ်ကို ယာယီစီအီးအိုအဖြစ် ခန့်အပ်ခဲ့ပေမဲ့ အမြဲတမ်း ခန့်အပ်ရန် မစဉ်းစားခဲ့ပါဘူး။
ယခုခန့်လိုက်တဲ့ စီအီးအိုသစ် ဘာရာဒါနဲ့ အတူ မန်ချက်စတာ ယူနိုက်တက်မှာ ဘယ်လို အပြောင်းအလဲတွေ မြင်ရဦးမလဲ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။