ပရီးမီးယားလိဂ်မှာ လူနာတွေကို လစာအများဆုံး ထိုင်ပေးတဲ့ အသင်းတွေ အဖြစ် မန်ယူနဲ့ ချယ်ဆီး ထိပ်ဆုံးက ရှိ
မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ဟာ ဒဏ်ရာရ ကစားသမားတွေအတွက် ဒီရာသီ လစာငွေအဖြစ် ပေါင်သန်း ၅၀ နီးပါး ပေးချေခဲ့ရပြီး ဒါဟာ ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ အများဆုံး ဖြစ်နေပါတယ်။
ဒီနှစ်သင်းစလုံးရဲ့ အဓိက ကစားသမားတွေဟာ ဒဏ်ရာပြဿနာကြောင့် ရုန်းကန်ခဲ့ရပြီး အကျိုးဆက်အနေနဲ့ နှစ်သင်းလုံး ပရီးမီးယားလိဂ်မှာ ရလဒ် မကောင်းဖြစ်နေကြပါတယ်။

အားကစားကဏ္ဍနဲ့ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းဖော်ပြလေ့ရှိတဲ့ OLBG အဖွဲ့က ဒီရာသီ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ဒဏ်ရာရကစားသမားတွေအတွက် ပေးချေရတဲ့ လစာငွေ ပမာဏကို တွက်ချက်ဖော်ပြခဲ့ပြီး ချယ်ဆီးနဲ့ ယူနိုက်တက်တို့က အများဆုံးဖြစ်နေပါတယ်။
အခုလောလောဆယ် အမှတ်ပေးဇယား အဆင့် ၉ နေရာရောက်နေတဲ့ ချယ်ဆီးအသင်းဟာ ဒဏ်ရာရ ကစားသမား ၁၆ ဦးအထိရှိပြီး သူတို့တွေအတွက် လစာငွေအဖြစ် ပေါင် ၂၈ သန်းနီးပါး ပေးချေခဲ့ရပါတယ်။
ယူနိုက်တက်အသင်းကတော့ ဒဏ်ရာရကစားသမား ၁၇ ဦးအထိရှိပြီး လစာငွေအဖြစ် ပေါင်သန်း ၂၀ နီးပါး ပေးခဲ့ရပါတယ်။
ယူနိုက်တက်အသင်းမှာ လီဆန်ဒရို မာတီနက်ဇ်၊ ဗာရန်း၊ ကတ်စ်မဲရိုး၊ ဟွိုင်လန်း၊ မက်ဂွိုင်းယားတို့ဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ကတ်စ်မဲရိုး၊ မက်ဂွိုင်းယားအပါအဝင် အဓိက ကစားသမားတချို့ဟာ အခုအထိ ဘောလုံးမကစားနိုင်သေးပါဘူး။
လက်ရှိချန်ပီယံ မန်စီးတီး အသင်းဟာ ဒဏ်ရာရကစားသမား ၉ ဦးအတွက် လစာငွေ ပေါင် ၁၅ သန်း ပေးခဲ့ရပြီး တတိယအများဆုံးဖြစ်နေပါတယ်။
မန်စီးတီးအသင်းမှာ ဒဏ်ရာရကစားသမားတွေရှိခဲ့ပေမဲ့ အများစုက အဓိက ကစားသမားတွေ မဟုတ်လို့ အသင်းအပေါ် ကြီးကြီးမားမား ထိုးနှက်ချက်မဖြစ်စေဘဲ ကာလရှည်အနားယူခဲ့ရတဲ့ ဒီဘရိုင်းနားဟာ အခုဆိုရင် ပြန်လည်ကစားနေပြီဖြစ်ပါတယ်။
ဒဏ်ရာရကစားသမားအရေအတွက် အများဆုံးဖြစ်ခဲ့တာက စပါးအသင်းဖြစ်ပြီး စုစုပေါင်း ၁၉ ဦးအထိရှိသလို ကစားသမားတွေ ဒဏ်ရာကြောင့် အနားယူခဲ့ရတာက ၁၀၆၀ ရက်အထိရှိပါတယ်။