ကတ်စ်မဲရိုးနဲ့ ပတ်သတ်ပြီး အဆုံးထိသွားကာ မျက်နှာပျက်ခံလိုက်ဖို့ မန်ယူအသင်း အံ့အားသင့်ဖွယ် ဆုံးဖြတ်လိုက်ပါပြီ
မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုး အတွက် အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီ ဖြစ်ကြောင်း အင်္ဂလန် သတင်းတွေက ဖော်ပြလာကြပါတယ်။
အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ယူနိုက်တက်က သူ့ကို တစ်နှစ် ထပ်တိုးခွင့် ပါဝင်တဲ့ ၂၀၂၆ အထိ သက်တမ်း ရှိတဲ့ စာချုပ် တရပ် ချုပ်ဆိုထားပါတယ်။

ကတ်စ်မဲရိုးက ယူနိုက်တက်ဆီ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ဘရူနို ဖာနန်ဒက်စ်၊ အဲရစ်ဆင် စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ယူနိုက်တက် အတွက် ကာရာဘောင်း ဆုဖလား တလုံး ရယူပေးနိုင်ခဲ့ပါတယ်။
ကတ်စ်မဲရိုး ရဲ့ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး ဘောလုံးရာသီက အောင်မြင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ကတ်စ်မဲရိုးက မကြာခဏ ဒဏ်ရာပြဿနာတွေ ရနေတာကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ်အတော်များများကို လွဲချော်ခဲ့သလို ယူနိုက်တက်ကလည်း အဓိက ကစားသမား အများအပြား ဒဏ်ရာရရှိမှုကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။
လက်ရှိမှာတော့ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်လည်းဖြစ် ၊ အသင်းရဲ့ ကိစ္စအဝဝကို စီမံခွင့် ရထားတဲ့ INEOS က ကတ်စ်မဲရိုး အပါအဝင် ယူနိုက်တက်ရဲ့ လုပ်ခလစာမြင့် ကစားသမား အများအပြားကို ရှင်းထုတ်တော့မှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
ဒေးလီးမေးလ် ရဲ့ အဆိုအရ လတ်တလောမှာ ဆော်ဒီ ထိပ်သီးကလပ် အယ် နက်ဆာက ကတ်စ်မဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ကတော့ အယ် နက်ဆာကသာ ကတ်စ်မဲရိုးအတွက် တန်ကြေးမြင့် ကမ်းလှမ်းမှု တရပ် လုပ်လာမယ် ဆိုရင် ကတ်စ်မဲရိုးကို လက်လွှတ်ဖို့ အဆင်သင့် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ နွေမှာ ကတ်စ်မဲရိုး ကို မရောင်းချနိုင်ရင် လျော်ကြေးပေးကာ စာချုပ် ဖျက်သိမ်းသည်ထိ လုပ်ဆောင်သွားမယ် လို့ အံ့အားသင့်ဖွယ်လည်း သတင်းထွက်နေပါတယ်။