ဒီလထဲ ၈ ဦးမြောက် ကစားသမားအား အငှားချမှု ထပ်လွှတ်ပြီး ယူနိုက်တက် အပြောင်းအလဲ များစွာ ပြုလုပ်နေ

မန်ချက်စတာ ယူနိုက်တက် ဟာ ဆယ်ကျော်သက် ကွင်းလယ် ကစားသမားလေး ဒန်ဂိုး ကို လိဂ်ဝမ်းကလပ် Port Val အသင်းထံ အငှား စေလွှတ်တော့မှာ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်ရှိ ကစားသမားဟာ ယခုရာသီတွင် ယူနိုက်တက်ပထမအသင်းသို့ တက်လှမ်းလာခဲ့တာ ဖြစ်ပြီး ပထမအသင်းအတွက် ၂ ပွဲကစားထားပါတယ်။

ဒါပေမဲ့ ယခုအခါမှာတော့ ယူနိုက်တက်ဟာ အလယ်တန်းကစားသမားအား ပထမအသင်းအတွေ့အကြုံ ပိုမို ရရှိ လာစေရန်အတွက် အငှားချလာတော့မှာ ဖြစ်ပါတယ်။ ဂိုးကို လိဂ် ၁ ကလပ်အမြောက်အမြားက ခေါ်ယူရန် စိတ်ဝင်စားနေပြီး Port Val နဲ့ သဘောတူထားပါတယ်။

ဂိုးကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ တန်းတက်ရေးကြိုးပမ်းနေတဲ့ ဘော်လ်တန်၊ ဘလက်ပူးလ် အပါအဝင် ပေါ့ဗေးလ်၊ ရှရူဘူရီ၊ ဖလက်ဝုဒ်တို့ ပါဝင်ပါတယ်၊

ယူနိုက်တက်ဟာ ယခု ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမား ၇ ဦးကို အငှားချထားပြီး ဖြစ်ပြီး ဒန်ဂိုးက ၈ ယောက်မြောက် ဖြစ်ပါတယ်။

ဂိုးဟာ ဆေးစစ်မှု ပထမအဆင့် ပြီးစီးသွားပြီ ဖြစ်ပြီး နောက်ဆက်တွဲ အပြီးသတ်မှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ယူနိုက်တက်ဟာ ဒွန်နီဗန်ဒီဘိခ်ကို ဖရန့်ဖတ်သို့လည်းကောင်း၊ ဂျာဒွန်ဆန်ချိုကို ဒေါ့မွန်သို့လည်းကောင်း၊ ဟန်နီဘယ်မီဘရီကို ဆီဗီလာသို့လည်းကောင်း၊ အယ်ဗာရိုဖာနန်ဒက်ဇ်ကို ဘင်ဖီကာသို့လည်းကောင်း ပြောင်းရွှေ့စေပြီး ဖြစ်ပါတယ်။

မီဘရီနှင့် ဖာနန်ဒက်ဇ်တို့ဟာ နွေရာသီမှာ အပြီးသတ်ပြောင်းရွှေ့ဖို့ ရှိနေကြပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ အလားအလာကောင်းတဲ့ ပါရမီရှင်တိုက်စစ်မှူးဂျိုးဟူဂေးလ်ကို ဘော်လ်တန်သို့ အငှားချထားသလို မက်ဆီအိုယီဒီလီအား ဖောရက်စ်ဂရင်းသို့လည်းကောင်း၊ ရေးဘန်းနက်စ်ကိုလည်း စတုတ်ပေါ့သို့လည်းကောင်း အငှားချထားပါတယ်။