ရော်နယ်ဒိုလ် အားကိုးနဲ့ မန်ယူ ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ ခြေလှမ်းပြင်နေတဲ့ အယ်လ်နာဆာအသင်း

ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ တိုက်တွန်းအားပေးမှုကြောင့် မန်ချက်စတာ ယူနိုက်တက်ကစားသမား ၂ ဦးကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ FFP အန္တရာယ်နဲ့ အနာဂတ် ကစားသမားခေါ်ယူမှုတွေအတွက် ငွေကြေးအချို့ ရရှိစေဖို့ ယခုလာမယ့်နွေရာသီမှာ စီနီယာကစားသမားအများအပြားကို ရောင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက် ဘောလုံးဒါရိုက်တာ ဂျွန် မားတပ်ဖ်ဟာ ဒီဇင်ဘာလတုန်းက ဆော်ဒီ အာရေဗျကို သွားရောက်ခဲ့ပြီး ကစားသမားရောင်းချမှု ပြုလုပ်နိုင်ခြေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ပါတယ်။

မန်ယူနိုက်တက် ဘောလုံးဒါရိုက်တာဟာ ဆော်ဒီပရိုလိဂ်အကြီးအကဲတွေနဲ့ ဇန်နဝါရီရော နွေရာသီအတွက်ပါ ပြောဆိုဆွေးနွေးခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အနေနဲ့ ကစားသမားရောင်းချမှုတွေ ပြုလုပ်သွားဖွယ် ရှိပါတယ်။

ဒေးလီးမေးလ် သတင်း အဆို အရ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်နာဆာဟာ မန်ချက်စတာယူနိုက်တက် ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ကက်စီမီရိုနဲ့ အာရွန် ဝမ် ဘစ်ဆာကာတို့ကို ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကက်စီမီရိုဟာ လက်ရှိ မန်ချက်စတာယူနိုက်တက်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅၀၀၀ နဲ့ လစာအမြင့်မားဆုံးကစားသမားအဖြစ် ရပ်တည်နေပေမယ့်လည်း ယခုရာသီမှာ ရုန်းကန်နေရသလို နိုဝင်ဘာလအစကတည်းက တံကောက်ကြော ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိသေးပါဘူး။

မန်ချက်စတာယူနိုက်တက်သာ ကက်စီမီရိုကို ယခုလာမယ့် နွေရာသီမှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်က ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူဖို့အတွက် ပေးချေခဲ့ရတဲ့ ပေါင်သန်း ၇၀ ထဲမှာ အများစုကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

“အယ်လ်နာဆာက ကက်စီမီရိုကို သူ့ရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူနိုက်တက်အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ထောက်ခံချက်နဲ့ ကြီးမားတဲ့ကမ်းလှမ်းမှု ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ နားလည်ရပါတယ်။”လို့ ဒေးလီးမေးလ် သတင်းက ဖော်ပြခဲ့ပါတယ်။

အယ်လ်နာဆာဟာ ယခုလမှာ အာရွန် ဝမ်-ဘစ်ဆာကာကို ခေါ်ယူဖို့ ကြိုးပမ်းသွားနိုင်တယ်လို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပြီး ဆော်ဒီပရိုလိဂ်ကလပ်ဟာ စပါး ညာနောက်ခံလူ အီမာဆန် ရိုင်ရယ်ကို ပေါင်သန်း ၂၀ နဲ့ ပြီးခဲ့တဲ့အပတ်က ကမ်းလှမ်းခဲ့ပေမယ့်လည်း ငြင်းပယ်ခံခဲ့ရတာကြောင့် မန်ယူနိုက်တက်နောက်ခံလူဆီ မြှားဦးလှည့်လာတာဖြစ်ပါတယ်။