ဘန်ဇီမာ လုပွဲထဲ မန်ချက်စတာ ယူနိုက်တက် ပါနေပြီ လို့ ဖော်ကောင်လုပ်လာတဲ့ သရဲနီ တိုက်စစ်မှုးဟောင်း
မန်ချက်စတာ ယူနိုက်တက်ဟာ ဆော်ဒီကလပ် အတ်တီဟတ်မှ တိုက်စစ်မှူး ကာရင် ဘန်ဇီမာကို ခေါ်ယူဖို့ အမှန်တကယ် ကြိုးစားနေကြောင်း သရဲနီ တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ် ကတော့ ဖော်ကောင် လုပ်လာပါပြီ။
မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ရာသီမှာ ကာရာဘောင်းချန်ပီယံ ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ တိုက်စစ်ပိုင်း အားနည်းချက်တွေကြောင့် ရလဒ်တွေ ဆိုးရွားနေပါတယ်။ ဒါကြောင့် ယူနိုက်တက်နည်းပြ တန်ဟက် နဲ့ တာဝန်ရှိသူတွေက တိုက်စစ်အားနည်းမှု ပြဿနာကို ဖြေရှင်းဖို့ ယခု ဆောင်းဈေးကွက် အတွင်းမှာ အရည်အသွေးမြင့် တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေပါတယ်။

ဒါပေမယ့် ယခု ဆောင်းဈေးကွက် ကာလမှာ အာဖရိကဖလားပြိုင်ပွဲနဲ့ အာရှဖလားပြိုင်ပွဲတွေ ရှိနေသလို ဈေးကွက်ထဲမှာ တန်ဖိုးသင့် အရည်အသွေးမြင့် တိုက်စစ်မှူးတွေ ရှားပါးနေတာကြောင့် ယူနိုက်တက်က တိုက်စစ်မှူး ၁ဦး ခေါ်ယူဖို့ ရုန်းကန်နေရပါတယ်။
တဖက်မှာတော့ အသက် ၃၆နှစ် အရွယ် ဝါရင့် ပြင်သစ်တိုက်စစ်မှူး ကာရင် ဘန်ဇီမာက ဆော်ဒီမြေမှာ မပျော်တော့တာကြောင့် ဥရောပဘက် ပြန်လာချင်နေပြီး ဘန်ဇီမာဟာ အတ်တီဟတ်ရဲ့ တာဝန်ရှိသူတွေဆီ ဆက်သွယ်ကာ သူ့ကို အသင်းပြောင်းခွင့် ပေးဖို့ တောင်းဆိုထားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ နာမည်ကြီးကလပ်တွေက ဘန်ဇီမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘာဘာတော့ဗ်ကတော့ သူ၊ ဖာဒီနန် နဲ့ ဆာဟာ တို့ အကြံပေးခဲ့သလို ယူနိုက်တက်က ကာရင် ဘန်ဇီမာကို ခေါ်ယူဖို့ စတင် လှုပ်ရှားနေပြီ ဖြစ်ကြောင်း ပြောကာ ယူနိုက်တက်ပရိသတ်တွေကို သူ သိထားရတဲ့ သတင်းအချက်အလက်တွေ မျှဝေပေးသွားခဲ့ပါတယ်။
ဘာဘာတော့ဗ်က – “ကျွန်တော်ကတော့ ယူနိုက်တက်ဟာ ဘန်ဇီမာလုပွဲထဲကို ဝင်ပါလိမ့်မယ်လို့ ယူဆပါတယ်။ တချို့လူတွေကလည်း (ယူနိုက်တက်ရဲ့ ဝန်ထမ်းတွေ ၊ တာဝန်ရှိသူတွေကို ဆိုလိုတာပါ) ယူနိုက်တက်ဟာ ဘန်ဇီမာရဲ့ အပြောင်းအရွှေ့ အတွက် စုံစမ်းနေတယ်လို့ ကျွန်တော့်ကို ပြောကြပါတယ်။
ဘန်ဇီမာက ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဖြစ်လို့ သူက အခုချိန်မှာ ဗာရန်းဆီ ဆက်သွယ်ပြီး စကားပြောနေလောက်ပါပြီ။ သူက လေ့ကျင့်ရေး အစီအစဉ်တွေ ၊ တန်ဟက်ဂ်နဲ့ ဆက်ဆံရေး ၊ မန်ချက်စတာမြို့က ဘယ်လိုလဲ စတာတွေကို မေးနေလောက်ပါတယ်။
ဘန်ဇီမာက သူ ရောက်နေတဲ့ နေရာမှာ မပျော်ပဲ ဘောလုံးကစားချင်နေတဲ့လူပါ။ သူက ပိုက်ဆံအတွက် ဘောလုံး ကစားနေတာ မဟုတ်ပါဘူး။ သူက ကြွယ်ဝချမ်းသာတဲ့ လူတယောက် ဖြစ်နေပါပြီ။ သူက ယူနိုက်တက် အတွက် ရွေးချယ်စရာ တခု ဖြစ်နေပါပြီ” လို့ ပြောကြားသွားခဲ့တာပါ။