ဒီရာသီ ရှုံးပွဲ အများဆုံး နည်းပြ စာရင်းမှာ ထိပ်ဆုံးနား ရပ်တည်နေတဲ့ မန်ယူ နည်းပြ အဲရစ် တန်ဟက်
နာမည်ကြီး ဘောလုံးဝက်ဘ်ဆိုဒ် TransferMarkt ဟာ ဒီရာသီထိပ် တန်းလိဂ် ၅ ရပ်ထဲမှာ ရှုံးပွဲအများဆုံး နည်းပြ ၁၀ ဦးစာရင်းကို ဖော်ပြလိုက်ရာ မန်ယူ နည်းပြ အဲရစ်တန်ဟက်လည်း ပါဝင်နေပါတယ်။
ဒီစာရင်းဟာ အမှတ်ပေးလိဂ် တစ်ခုတည်းတင် မဟုတ်ဘဲ ပြိုင်ပွဲအရပ်ရပ်ကိုလည်း ထည့်သွင်းထားတာပါ။ အဲဒီ ရှုံးပွဲအများဆုံးနည်းပြ ၁၀ ဦးစာရင်းမှာ ထိပ်ဆုံး ၃ နေရာကို သိမ်းပိုက်ထားတာက ပရီးမီးယားလိဂ်နည်းပြတွေ ဖြစ်ပါတယ်။

အဲဒီထဲမှာမှ ထိပ်ဆုံးက ဦးဆောင်နေသူကတော့ ဘန်လေနည်းပြ ကွန်ပနီပါ။ မန်စီးတီးကပ္ပတိန်ဟောင်းဟာ ၂၅ ပွဲမှာ ၁၇ ပွဲတောင် ရှုံးထားပြီး အဲဒါကြောင့် သူ့အသင်းက ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်ထဲရောက်နေသလို အက်ဖ်အေဖလားနဲ့ ကာရာဘောင်းတို့ကလည်း ထွက်ထားရပါတယ်။
အဲဒီစာရင်းက ဒုတိယနေရာ ရပ်တည်နေသူကတော့ မန်ယူနည်းပြ အဲရစ်တန်ဟက်ပါ။
နယ်သာလန်သား နည်းပြဟာ ပွဲ ၃၀ မှာ ၁၄ ပွဲရှုံးထားတာဖြစ်လို့ ကစားပြီးခဲ့တဲ့ပွဲတွေမှာ ထက်ဝက်နီးပါးရှုံးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မန်ယူဟာ တန်ဟက်ရဲ့ဒုတိယမြောက်ရာသီမှာ ရုန်းကန်နေရတာပါ။
ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာရောက်နေပြီး ထိပ်ဆုံး ၉ သင်းထဲမှာလည်း အရှုံးဆုံးအသင်းဖြစ်နေပါတယ်။ အုပ်စုအောက်ဆုံ းအသင်းအဖြစ် ချန်ပီယံလိဂ်က ထွက်ခဲ့ရသလို ကာရာဘောင်းကလည်း ထွက်ထားရပြီး ဖလားမျှော်လင့်ချက်ဆိုလို့ အက်ဖ်အေဖလားတစ်ခုသာ ရှိတော့တာပါ။
တတိယနေရာရပ်တည်နေတာကတော့ နယူးကာဆယ်နည်းပြ အက်ဒီ ဟောင်း ဖြစ်ပြီး ၃၁ ပွဲမှာ ၁၄ ပွဲ ရှုံးထားကာ မန်ယူနဲ့ရှုံးပွဲ အတူတူဆိုပေမယ့် မန်ယူထက် တစ်ပွဲ ပို ကစားထားပါတယ်။