အသင်းဟောင်း လီဗာပူးနဲ့ပွဲမှာ အနိုင်ရအောင် ကြိုးစားမှာပါဆိုတဲ့ ဗီလာနည်းပြ ဂျရတ်

ဂျရတ် ဟာ အက်စ်တွန် ဗီလာ နဲ့ 3 နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့ပြီး ၊ ဒီတပတ်မှာ ဘရိုတ်တန် အသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ လ 11 ရက်နေ့ ရောက်ရင်တော့ တချိန်က သူ ကျင်လည်ခဲ့တဲ့ လီဗာပူး ရဲ့ အိမ်ကွင်း အန်ဖီးလ်ကို သွားရောက် ယှဉ်ပြိုင် ကစားရမှာပါ။ အဲဒီ အနေအထားနဲ့ ပတ်သက်လို့ ဂျရတ် ကိုယ်တိုင်က သူ့ခံစားချက်တွေကို အခုလို ဖွင့်ဟ သွားခဲ့ ပါတယ်။

“ ကျနော့်မှ မဟုတ်ဘူး တခြားလူ တစ်ယောက်လဲ အန်ဖီးလ် က ဆူညံသံတွေကို ထိန်းချုပ်ပြနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော့် အတွက် အဲဒီ အကြောင်းက အရေးမကြီးပါဘူး။

အရေးကြီးတာ က အန်ဖီးလ် ကို ပြန်သွားခွင့်ရတာရယ် နဲ့ အဲဒီမှာ နိုင်ပွဲအောင် ကြိုးစားခွင့် ရှိလာမယ့် အချက်ပါ။ ကျနော်တို့က အဲဒီလို ခံယူချက်မျိုးနဲ့ပဲ ပွဲတိုင်းကို ချဉ်းကပ် ကစားသွားမှာ ဖြစ်ပါတယ်။

ကျနော် က ကိုယ်တိုင်တွယ်တဲ့ ပွဲတိုင်းကို အနိုင်ရချင်တဲ့သူပါ။ ဒါကြောင့် အခု ကျနော့် ရဲ့ အာရုံစူးစိုက်မှုတွေ ၊ နေ့စဉ် လုပ်ငန်းဆောင်တာတွေ အားလုံး က ဗီလာ အတွက်ပါပဲ။

ဗီလာ ပရိသတ်တွေ ၊ ကစားသမားတွေ နဲ့ ဝန်ထမ်းတွေ အားလုံးကို ကျနော် အာမခံနိုင်တာ တစ်ခုက ကျနော်ဟာ တစ်ခုခုကို တာဝန်ယူလုပ်ကိုင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ တပြိုင်နက် ၊ ရှိသမျှ ခွန်အားတွေ အကုန်လုံး ပေးဆပ်ပြီး လုပ်တတ်တယ် ဆိုတာပါ” လို့ ဖွင့်ဟ သွားခဲ့ ပါတယ်။

ဂျရတ် ဟာ 2018 ခုနှစ်မှာ လီဗာပူး လူငယ် နည်းပြ ဘဝကနေ ရိန်းဂျား နည်းပြ ဖြစ်လာခဲ့ပြီး ၊ 9 ရာသီ ဆက်တိုက် ပြည်တွင်းဖလားတွေ ရယူသိမ်းပိုက်နေတဲ့ ဆဲလ်တစ် အသင်းရဲ့ အောင်မြင်မှုတွေကို တွန်းလှန်ကာ စကော့တလန် အမှတ်ပေးချန်ပီယံ ဆုကို ရှုံးပွဲ မရှိ စံချိန်မှတ်တမ်း နဲ့ ပြန်လည် သိမ်းပိုက်ပြခဲ့သူဖြစ်ပါတယ်။