ဂိုးပေါက်မှာ အိုနာနာ ကို မမြင်ချင်သေးတဲ့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ အတွက် သတင်းကောင်း

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က ဒီအပတ် နယူးပေါ့တ်နဲ့ ကစားမဲ့ FA ဖလား စတုတ္ထအဆင့်ပွဲမှာ ဂိုးသမားအဖြစ် အိုနာနာကို မသုံးဘဲ အရန်ဂိုးသမား ဘေယင်ဒီယာကို ပွဲထွက် အသုံးပြုသွားမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်သူ တူရကီလက်ရွေးစင်ဂိုးသမား ဘေယင်ဒီယာဟာ ဒီရာသီအစက ဖီနာဘာချီကနေ ယူနိုက်တက်ကို ပေါင် ၄.၃ သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး နာမည်ကျော် ဂိုးသမားဟောင်း ဒီဂီယာရဲ့နံပါတ် ၁ ဂျာစီကို အမွေဆက်ခံခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့လည်း နည်းပြအဲရစ်တန်ဟက်က ဒီရာသီပြိုင်ပွဲစုံ ပွဲတိုင်းမှာ အိုနာနာကိုပဲ ပွဲထွက်သုံးခဲ့ပြီး အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဆင်နွှဲဖို့ ရှိတာတောင် နောက်ဆုံးကစားခဲ့တဲ့ စပါးအသင်းနဲ့ပွဲမှာ အိုနာနာ ပါဝင်ကစားနိုင်ဖို့အတွက် ငွေကြေးအကုန်အကျခံ စီစဉ်ခဲ့ပေမဲ့ ရလဒ်မကောင်းဘဲ ၂-၂ ဂိုးစီ သရေကျခဲ့ပါတယ်။

အခုအချိန်မှာတော့ အိုနာနာဟာ ကင်မရွန်းအသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ကစားနေတာကြောင့် လာမဲ့ FA ဖလား စတုတ္ထအဆင့်ပွဲမှာ အဲရစ်တန်ဟက်က ဘေယင်ဒီယာကို မဖြစ်မနေ ပွဲထွက်အသုံးပြုရတာဖြစ်ပါတယ်။

အိုနာနာ ဟာ အစောပိုင်းက ကိုယ်ပိုင်ဂျက်နဲ့ ပြန်လာပြီး နယူးပို့ထ် ပွဲပါဝင်ကစားဖို့ ဒါမှမဟုတ် နိုင်ငံအသင်း ကနေ နှုတ်ထွက်ကာ စော ပြန်လာဖို့ထိ စိတ်ကူး ရှိခဲ့တာပါ။

ဒါပေမယ့် တနင်္ဂနွေနေ့ကျရင်ကစားမဲ့ FA ဖလားပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေက ဘယ်သူ့ကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုမှာလဲဆိုပြီး မေးမြန်းခဲ့တော့ အဲရစ်တန်ဟက်က အခုလို ဖြေကြားခဲ့ပါတယ်။

“ပွဲထွက်ဂိုးသမားအဖြစ် ဘေယင်ဒီယာကို အသုံးပြုသွားမှာပါ။ သူ့ဆီကနေ ဘာတွေမျှော်လင့်လို့ ရလဲဆိုတာ အားလုံ းအသိဖြစ်ပါလိမ့်မယ်။

ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ကာလတစ်ခုအထိ စောင့်ဆိုင်းခဲ့ရပေမဲ့ ဘေယင်ဒီယာဟာ အတွေ့အကြုံရှိတဲ့ဂိုးသမားတစ်ဦးပါ။ သူက တူရကီထိပ်သီးကလပ်မှာ ကစားခဲ့တာကြောင့် ဖိအားတွေ အများကြီးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ဖူးပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ဘေယင်ဒီယာဟာ ဖီနာဘာချီအသင်းမှာ ကစားခဲ့တဲ့ ၄ နှစ်တာကာလအတွင်း အဓိကဂိုးသမားအဖြစ် ပွဲပေါင်း ၁၄၅ ပွဲအထိ ကစားခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ်လည်း အကြိမ်တော်တော်များများ တာဝန်ယူခဲ့ရဖူးပါတယ်။

ဘေယင်ဒီယာဟာ ယူနိုက်တက်အတွက် ပွဲထွက်ကစားခွင့်မရသေးပေမဲ့ ပုံမှန်စွမ်းဆောင်ရည်ပြသနိုင်ဖို့အတွက် နည်းပြတွေ ညွှန်ကြားတဲ့အတိုင်း တသွေမတိမ်းလိုက်နာပြီး အာဟာရ ပြည့်ဝအောင် စားသောက်နေထိုင်သလို ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိ၊ မရှိ အမြဲတမ်း စစ်ဆေးလေ့ရှိတာကြောင့် နည်းပြအဖွဲ့ဝင်တွေရဲ့ ချီးကျူးတာ ခံခဲ့ရပါတယ်။