မန်ယူ နည်းပြ ရာထူးကို စိတ်ဝင်စားနေတဲ့ တူချယ်၊ တခြား ချယ်ဆီးနည်းပြဟောင်းကိုသာ ခန့်ချင်နေတဲ့ ရက်ကလစ်ဖ်တို့ အဖွဲ့

ဘိုင်ယန်မြူးနစ် နည်းပြ သောမတ်စ် တူချယ်က မန်ချက်စတာ ယူနိုက်တက် နည်းပြရာထူးအတွက် အမြဲတမ်း စိတ်ဝင်တစား ရှိနေတယ်လို့ ဂျာမန် နာမည်ကြီ Blid ရဲ့ သတင်းထောက် ခရစ္စတီယန် ဖော့ခ် က ဖော်ပြလာပါတယ်။

ချယ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့တဲ့ တူချယ် ဟာ လက်ရှိမှာ ဘိုင်ယန်အသင်းကို ကိုင်တွယ်နေရပေမယ့်လည်း ဘွန်ဒက်စ်လီဂါမှာ ထိပ်ဆုံးက လေဗာကူဆင်နဲ့ (၄)မှတ်ကွာနေရသလို ချန်ပီယံလိဂ်မှာလည်း (၁၆)သင်းအဆင့်ထိသာ ရှိနေပါသေးတယ်။

ဒီရာသီထဲ ချန်ပီယံလိဂ်မှာသာ အကောင်းဆုံး စွမ်းဆောင်ထားနိုင်ပေမယ့် ပြည်တွင်းမှာ ရုန်းကန်နေရတာကြောင့် ရာသီအကုန်မှာပဲ ဘိုင်ယန်ဘက်က နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖွယ် ရှိနေပြီး တူချယ် ကိုလည်း ရာထူးကနေ ထုတ်ပယ်သွားနိုင်ပါတယ်။

တစ်ဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်းက ဒီရာသီအကုန်မှာ လက်ရှိနည်းပြ တန်ဟက် ကို နည်းပြရာထူးကနေ ထုတ်ပယ်သွားနိုင်မယ့် အခြေအနေတွေ ရှိလို့နေပြီး အသင်းရဲ့ ရှယ်ယာရှင်အသစ် ဆာဂျင်ရက်ကလစ်ဖ်တို့ဘက်ကလည်း နည်းပြ အပြောင်းအလဲ လုပ်ဆောင်လို့နေပါတယ်။

တကယ်လို့ တန်ဟက် ရော တူချယ် ပါ အချိန်ကာလတစ်ခုအတွင်း သက်ဆိုင်ရာ ကလပ်အသင်းတွေကနေ ထုတ်ပယ်ခံရမယ်ဆိုရင် တူချယ်က အင်္ဂလန်မြေဆီ ပြန်သွားဖို့နဲ့ ယူနိုက်တက် နည်းပြရာထူးကို ရယူသွားဖို့အတွက် လှုပ်ရှားသွားဖွယ် ရှိနိုင်တယ်လို့ ခရစ္စတီယန် ဖော့ခ်က သုံးသပ်ထားပါတယ်။

ဒါပေမယ့် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS ဘက်က တန်ဟက်ဂ်ရဲ့နေရာမှာ ချယ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ်တာနဲ့သာ အစားထိုးသွားချင်နေပြီး နောက်ထပ် ချယ်လ်ဆီးနည်းပြဟောင်းဖြစ်သူ တူချယ်လ်ကရော သူတို့ မျက်စိကျနေတဲ့ နည်းပြစာရင်းထဲမှာ ပါဝင်နေမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။