ကင်မရွန်း ရှုံးပြီး ပြိုင်ပွဲက ထွက်ရလို့ အိုနာနာလည်း မန်ချက်စတာကို စောစော ပြန်လာပါပြီ

ကင်မရွန်းအသင်းကတော့ မနေ့ညက အာဖရိကဖလား ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဉ်မှာ နိုင်ဂျီးရီးယားကို ၂-ဝ နဲ့ ရှုံးနိမ့်ပြီး အိမ်ပြန်ရပြီဖြစ်ပါတယ်။

ဒီတော့ အိုနာနာလည်း ယူနိုက်တက်အတွက် ပြန်လည် ရောက်ရှိလာတော့မှာပါ။

မနေ့ကပွဲမှာ ယူနိုက်တက် ဂိုးသမား အိုနာနာက ကင်မရွန်းအတွက် ပွဲထွက်ခွင့် မရရှိခဲ့ပါဘူး။ သူနဲ့ ဝမ်းကွဲတော်စပ်တဲ့ အွန်ဒိုအာပဲ ပွဲထွက်ခဲ့ပြီး လွတ်ခ်မန်းရဲ့ သွင်းဂိုးနှစ်ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ကင်မရွန်းဟာ ၂၀၂၁ အာဖရိကဖလားပြိုင်ပွဲ ဂိုးသွင်းဘုရင် အဘူဘာကာကို လူစားထည့်သွင်းခဲ့ပေမဲ့လည်း ယခုပွဲမှာ ဂိုးပေါက်တည့်ကန်ချက်ပင် တစ်ကြိမ်မျှ မပြုလုပ်နိုင်ဘဲ ရှုံးနိမ့်သွားခဲ့ပါတယ်။

အိုနာနာကတော့ ဒီနှစ် အာဖရိက ပြိုင်ပွဲမှာ ဆီနီဂေါနဲ့တစ်ပွဲတည်းမှာသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး (၃) ကြိမ် ဂိုးပေါက်တည့်တဲ့နေရာမှာ (၃) ဂိုးပေးလိုက်ရတာကြောင့်လည်း နောက်ပွဲတွေမှာ အရန်ခုံထိုင်နေရတာပါ။ သူက ကင်မရွန်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဌနဲ့လည်း စကားများခဲ့သေးပါတယ်။

အခုတော့ နိုင်ငံအသင်းပွဲတွေ ပြီးဆုံးလို့ အိုနာနာ တစ်ယောက် ယူနိုက်တက်အတွက် ပြန်လာတော့မှာပါ။ ဒီည နယူးပို့ထ်နဲ့ အက်ဖ်အေပွဲကတော့ အိုနာနာ ပါဝင်နိုင်မှာ မဟုတ်ဘဲ နောက်ပွဲစဉ်တွေကနေ ယူနိုက်တက် ဂိုးပေါက်မှာ ပြန်မြင်ရတော့မှာ ဖြစ်ပါတယ်။