EPL ကြီး ၅ ကြီးလုံးက စိတ်ဝင်စားခြင်းခံနေရပေမယ့် အကြောင်းတစ်ချက်ကြောင့် မန်ယူကိုပဲ ရွေးမယ့် အိုလီဆေး

ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ ပြင်သစ် လူငယ် တောင်ပံကစားသမား မိုက်ကယ် အိုလီဆေးက သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အားပေးသူဖြစ်လို့ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ ယူနိုက်တက်ကိုသာ ရွေးချင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

အသက် (၂၂)အရွယ်သာ ရှိနေသေးတဲ့ အိုလီဆေးဟာ ပဲလေ့စ်အသင်းမှာ အကောင်းဆုံး ခြေစွမ်းပြသနေသူ ဖြစ်တာကြောင့် သူ့ကို မန်ချက်စတာ ယူနိုက်တက် အပါအဝင် ချယ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ် နဲ့ မန်စီးတီး စတဲ့ ပရီးမီးယားလိဂ် ထိပ်သီး ကြီး ၅ ကြီး အသင်းကြီးတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။

ဒီနွေမှာလည်း အိုလီဆေးကို ချယ်ဆီးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပြီး အပြောင်းအရွှေ့က ဖြစ်ပေါ်လုနီးပါးမှ ကစားသမားကိုယ်တိုင် စိတ်ကူးပြောင်းသွားခဲ့ကာ ပဲလေ့စ်မှာပဲ ဆက်နေခဲ့သလို အသင်းနဲ့ပါ စာချုပ်သက်တမ်းလည်း တိုးမြှင့်ခဲ့ပါသေးတယ်။

ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း တိုးလိုက်တဲ့ အိုလီဆေးရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် သန်း(၆၀)လောက်အထိ တိုးမြှင့်သွားခဲ့ရပေမယ့် သူ့ကိုတော့ ကလပ်အသင်းတွေက စိတ်ဝင်စားနေဆဲဖြစ်ပြီး ယူနိုက်တက် နဲ့ ချယ်ဆီးအသင်းတို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။

အိုလီဆေးကို ဒီအသင်းနှစ်သင်းက အပြိုင်စိတ်ဝင်စားနေပေမယ့် အိုလီဆေးကိုယ်တိုင်ကတော့ ငယ်စဉ်ကတည်း ယူနိုက်တက်အသင်းကို အားပေးခဲ့သူ ဖြစ်တာကြောင့် ချယ်ဆီး နဲ့ ယူနိုက်တက်ဆိုရင် ယူနိုက်တက်သာ ရွေးချယ်သွားလိမ့်မယ်လို့ လန်ဒန်အခြေစိုက် Football London က ဖော်ပြထားပါတယ်။

ယူနိုက်တက်ကလည်း အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ အန်တိုနီနေရာမှာ အစားထိုးဖို့အတွက် ပြင်သစ် ညာတောင်ပံ ကစားသမားလေး အိုလီဆေးကို ခေါ်ယူချင်နေပြီး လာမယ့်နွေမှာ အရ ခေါ်ယူသွားဖွယ်လည်း ရှိနေပါတယ်။