စတားလင်း၊ ဖလိုရီယန် ဝက်ဇ်၊ အန်တိုနီယို၊ ကူလူဆဗ်စကီးနဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ
အာဆင်နယ် နောက်ခံလူ တိုမီယာဆုက သူ့အနေနဲ့ နည်းပြအာတီတာရဲ့ ကစားကွက်ပိုင်းကို နှစ်သက်မှုရှိကြောင်း၊ အာတီတာ ရဲ့ ဘောလုံးနဲ့ ပတ်သက်တဲ့ အတွေးအခေါ်ပိုင်းဟာ အလွန် ကောင်းမွန်မှုရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
မန်စီးတီး တိုက်စစ်သမား စတားလင်းကို ကာလရှည်ပစ်မှတ် ထားခဲ့တဲ့ ဘာစီလိုနာက နောက်ဆုတ်သွားခဲ့ပြီ ဖြစ်တာကြောင့် အာဆင်နယ် ပြိုင်ဘက် အသင်းကြီး တစ်သင်း လျော့သွားခဲ့ပါတယ်။ အင်္ဂလန်သား တန်ကြေးက ပေါင် ၄၅ သန်း ဝန်းကျင်ပါ။
လေဗာကူဆင်ကြယ်ပွင့် ဖလော်ရီယန် ဝက်ဇ် ကို စိတ်ဝင်စားတဲ့ အသင်းတွေထဲ အာဆင်နယ်အပြင် ချဲလ်ဆီးနဲ့ ရီးရဲလ် မက်ဒရစ်တို့လဲ ပါဝင်ပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ ပို အလိုရှိနေတာပါ။

အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်က နည်းပြအာတီတာအနေနဲ့ ၀က်စ်ဟမ်း တိုက်စစ်မှူး အန်တိုနီယိုကို ခေါ်ယူသင့်ကြောင်း၊ အန်တိုနီယိုဟာ အာဆင်နယ်ကို ခြားနားစေမဲ့သူဖြစ်ကြောင်း အကြံပြု တိုက်တွန်းခဲ့ပါတယ်။
မန်စီးတီး နောက်ခံလူဟောင်း ကွန်ပနီက အာဆင်နယ်ကွင်းလယ်လူ လိုကွန်ဂါ နဲ့ ပတ်သတ်ပြီး – “လိုကွန်ဂါကို ပထမဆုံးမြင်မြင်ချင်း အာတီတာကို ကျွန်တော်ပြောချင်တာက ‘ခင်ဗျားက ယာယာတိုရေး လက်သစ်ကို ပိုင်ဆိုင်ထားတယ် ဆိုတာပါပဲ’လို့ ဆိုခဲ့ပါတယ်။
အာဆင်နယ် လူငယ်ကြယ်ပွင့် စမစ်ရိုဝီ က အင်္ဂလန်အသင်းမှာ အာဆင်နယ်အသင်းဖော် ဆာကာနဲ့ တွဲကစားရတာ ကျေနပ်စရာ ကောင်းကြောင်း၊ သူတို့ဟာ အာဆင်နယ် အကယ်ဒမီမှာကတည်းက တွဲကစားလာသူတွေ ဖြစ်ကြကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဂျူဗင်တပ်က ဆွီဒင်တောင်ပံကစားသမား ဒီဂျန် ကူလူဆဗ်စကီး ကို ရောင်းထုတ်ချင်နေပြီး အာဆင်နယ်က နီကိုးလက်စ် ပီပီနဲ့ အလဲအထပ် လုပ်လိုပေမယ့် အိုးလ်လေဒီတွေက ငွေသားကိုပဲ အလိုရှိနေပါတယ်။

အာဆင်နယ်အသင်းမှာ အာတီတာက လုံးဝ ဖယ်ထုတ်မှာ မဟုတ်ဘဲ အနာဂတ် သေချာတဲ့ ကစားသမား ၇ ဦး ထိ ရှိတယ်လို့ လန်ဒန် သတင်းဌာနက ဆိုပါတယ်။ ထို ၇ ဦးကတော့ ဂိုးသမား ရမ်ဒေးလ်၊ တိုမီယာဆု၊ ဂါဘရီရယ်၊ဘန်ဝှိုက်၊ ပါတေး၊ ဆာကာနဲ့ အူဘာမီယန်တို့ ဖြစ်ပါတယ်။
လီဗာပူး ကစားသမားဟောင်း မက်မာနာမန်က ရီးရဲလ် မက်ဒရစ် ကွင်းလယ်လူ အဆန်စီယိုအနေနဲ့ လီဗာပူးထက် အာဆင်နယ်ကိုသာ ပြောင်းရွှေ့သင့်ကြောင်း သုံးသပ် ပြောဆိုခဲ့ပါတယ်။