ကလပ် နှစ်ရက်ဆက် တက်ပြီး အသင်း ထရိန်နင်မလာတဲ့ ရက်ဖို့ဒ်အား ယူနိုက်တက် ဒဏ်ငွေ များများ ရိုက်ပါတော့မယ်
မန်ချက်စတာ ယူနိုက်တက်ရဲ့ အင်္ဂလန်သား တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်ဟာ ပါတီတက်ပြီးနောက် ကလပ် လေ့ကျင့်ခန်းအစီအစဉ် ပျက်ကွက်ခဲ့တဲ့အတွက် နှစ်ပတ်စာ လုပ်ခ ပေါင် ၆သိန်းခွဲ ဒဏ်ရိုက်ခြင်း ခံလာရဖို့ ရှိပါတယ်။
မားကပ်ရက်ဖို့ဒ်ဟာ ကြားရက် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တုန်းက မြောက်အိုင်ယာလန်၊ ဘဲလ်ဖတ်စ်သို့ သွားရောက်ပြီး ပါတီတက်ခဲ့ပါတယ်။

ယင်းနောက် သူဟာ အင်္ဂလန်သို့ ပြန်လာပြီးနောက် ဖျားနေတယ်ဆိုပြီး ယူနိုက်တက်ရဲ့ သောကြာနေ့ လေ့ကျင့်ခန်း အစီအစဉ်ကို ဖျက်ကွယ်ခဲ့ပါတယ်။
အသက် ၂၆ နှစ်ရှိ မားကပ်စ်ရက်ဖို့ဒ်ဟာ မနေ့ညတုန်းက နယူးပေါ့အား ၄-၂ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်မှာ ယူနိုက်တက် လူစာရင်းမှာပင် ပါဝင်ခြင်း မရှိပါဘူး။
ပွဲအပြီးတွင် အဲရစ်တန်ဟက်က မားကပ်စ်ရက်ဖို့ဒ်ဖြစ်ရပ်နှင့်ပတ်သက်ပြီး “ဒါက အတွင်းရေးကိစ္စပါ။ ဒါကို ကျွန်တော် သေချာ ကိုင်တွယ်သွားမယ်”လို့ ပြောကြားသွားပါတယ်။
မားကပ်စ်ရက်ဖို့ဒ်ဟာ ယူနိုက်တက်တွင် တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ရရှိနေသူ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တုန်းက Larne FC တွင် ကစားနေတဲ့ သူငယ်ချင်း ရိုရှန်ဝီလီယံနှင့် တွေ့ဆုံရန် ဘဲလ်ဖတ်စ်သို့ သွားရောက်ခဲ့ပါတယ်။
ယင်းနောက် သူဟာ ကြာသပတေးနေ့တုန်းက Thompson’s Garage ကလပ်သို့ သွားရောက်ခဲ့ကြောင်း ဗီဒီယို ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရက်ဖို့ဒ်က ဗုဒ္ဓဟူးနေ့တုန်းက သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ယူနိုက်တက်ကို အကြောင်းကြားထားပါတယ်။
ယခုအခါ ယူနိုက်တက်ဟာ မားကပ်စ်ရက်ဖို့ဒ်အား နှစ်ပတ်စာ လုပ်ခ ပေါင် ၆၅၀၀၀၀ ဒဏ်ရိုက်လာမှာ ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလာပါတယ်။