ကီပါနဲ့ မန်ဒီ၊ ဘာစီလိုနာ အရခေါ်မယ့် ပစ်မှတ်နဲ့ နေ့လည်ခင်း အပြောင်းအရွှေ့ သတင်းများ

ချဲလ်ဆီးဂိုးသမားမန်ဒီက သူနဲ့ အသင်းဖော်ဂိုးသမား ကီပါတို့အကြား ဆက်ဆံရေးက အလွန်ကောင်းမွန်လျက်ရှိကြောင်း၊ ကစားသမားတွေအကြား ပြိုင်ဆိုင်မှုက အသင်းအကျိုးရှိစေဖို့အရေးပါကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက နည်းပြ ဂွါဒီယိုလာအနေနဲ့ တစ်ခါတစ်လေ ပွဲထွက် ကစားသမားစာရင်းကိုတောင် မေ့နေတတ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

“ပက်ရ..ဒီပွဲမှာဘယ်သူတွေကစားရမှာတုန်းလို့ မေးလိုက်ရင် သူက တစ်ခါတစ်လေဆို မေ့နေတတ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့တွေးခေါ်မှုကသာ အရေးပါတာပါ”လို့ ဒီဘရိုင်းက ဆိုပါတယ်။

အက်သလက်တီကို မက်ဒရစ်ဟာ အငှား စေလွှတ်ထားတဲ့ မိုရာတာနဲ့ ဆော နီဂွက်ဇ်ကို ရောင်းချနိုင်ရင် နောက်နှစ် နွေမှာ ယူရို ၇၅ သန်း ထိ ရဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်နဲ့ ချယ်ဆီးအသင်းတို့က တီကို ကစားသမား နှစ်ဦးကို ပြန်လွှတ်ဖို့လည်း များနေတာကြောင့် အက်သလက်တီကိုက အခြေအနေကို စောင့်ကြည့်နေရပါတယ်။

ဂျူဗင်တပ်ကွင်းလယ်လူ ရမ်ဆေးအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့လိုနေကြောင်းသိရပါတယ်။ ရမ်ဆေးဟာ ဂျူဗင်တပ် မှာ ရုန်းကန်နေရပြီး အသင်းက သူ့ကိုရောင်းချဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ကွင်းလယ်လူ လင်ဂတ်ကို ပေါင် ၁၀ သန်းရရင်ပဲ ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ မန်ယူအနေနဲ့ အသင်းမှာ နေရာ မရဖြစ်နေတဲ့ လင်ဂတ်ကို ဇန်နဝါရီဈေးကွက်မှာပဲထုတ်ရောင်းသွားမှာဖြစ်ပြီး သူ့ကို နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့က ပစ်မှတ်ထားနေကြပါတယ်။

ဘာစီလိုနာ နည်းပြ ဇာဗီက ပြီးခဲ့တဲ့နွေ ထွက်ခွာသွားတဲ့ မက်ဆီ နေရာ အစားထိုးနိုင်ရန် လီဗာပူး တိုက်စစ်မှုး မိုဆာလာ ကို ပစ်မှတ်ထားနေပြီး ဘယ်လောက် ကုန် ကုန် အရခေါ်ပေးဖို့ အသင်း တာဝန်ရှိသူတွေထံ တောင်းဆိုထားကြောင်း သိရပါတယ်။

ဒိုင်ဘားလားဟာ နောက်ဆုံးမှာတော့ ဂျူဗင်တပ်နဲ့ သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပြီး ဒီလထဲမှာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအနေနဲ့ မန်စီးတီးတိုက်စစ်ကစားသမား စတာလင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာ က ဘဏ္ဍာရေး ကြပ်တည်းမှု ရှိနေရာ ကစားသမားတစ်ဦးအလိုက်ပေးပြီးသာ ခေါ်ယူဖွယ် ရှိနေတာပါ။