ကောလဟာလသတင်းတွေကို ယတိပြတ် စကားလုံးတွေနဲ့ ပိတ်ပေးသွားတဲ့ မန်ယူကွင်းလယ်လူ ကတ်စ်မဲရိုး
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ခံစစ်းသမား ကတ်စ်မဲရိုးက သူဟာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာကာ ဆော်ဒီမြေဆီ ပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့သလို သူ့သဘောထား အကြောင်းကိုလည်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ယူက ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ပေးချေခဲ့ရပါတယ်။

ကတ်စ်မဲရိုးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့ ပွဲစဉ်အတော်များများကို လွဲချော်ခဲ့ပြီး သူ မပါဝင်နိုင်တာကြောင့် ယူနိုက်တက်ရဲ့ ကွင်းလယ်ဟာ အတော်လေးကို ကျဆင်းသွားခဲ့ပါတယ်။
နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ကတ်စ်မဲရိုးက သူဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပျော်ရွှင်နေတာကြောင့် လတ်တလောမှာ အသင်းပြောင်းဖို့ စိတ်ကူးမရှိသေးကြောင်း ဆိုလာပါတယ်။
ကတ်စ်မဲရိုးက – “ကျွန်တော်က ယူနိုက်တက်မှာ အရမ်းပျော်နေပါတယ်။ ဒါကိုလည်း ခဏခဏ ပြောခဲ့ပါတယ်။ အသင်းရဲ့ ပရိသတ်တွေက ကျွန်တော့်ကို အမြဲတမ်း ကူညီခဲ့ကြပါတယ်။ အသင်းကလည်း ကျွန်တော့်အပေါ် အရမ်းကောင်းပါတယ်။
ကျွန်တော်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားရတာကို ကျေနပ်နေတာပါ။ မန်ချက်စတာ ယူနိုက်တက် အတွက် ကစားပေးခွင့် ရနေတာက ကျွန်တော့်အတွက် ကြီးမားတဲ့ ဆုလာဘ် တခုပါပဲ။ ကျွန်တော်တို့အသင်းက အင်္ဂလန်မှာ အကြီးမားဆုံးအသင်းပါ။
လက်ရှိမှာ ကျွန်တော်တို့က အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေကို မယှဉ်နိုင်သေးပါဘူး။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က အမြဲတမ်း အင်္ဂလန်နိုင်ငံရဲ့ အကြီးမားဆုံးအသင်း ဖြစ်နေမှာပါ။ ဒါက အသင်းရဲ့ သမိုင်းကြောင်း ၊ အစဉ်အလာနဲ့ အောင်မြင်မှုတွေကြောင့်ပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။
ကတ်စ်မဲရိုးက ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။