ပေါမာဆန်နဲ့ ဆက်တန်ကတော့ ဒီည မန်ယူက ဝုဗ်ကို မနိုင်ဘူး လို့ အသီးသီး ဟောကိန်းထုတ် ခန့်မှန်းကြပါပြီ

ဒီည ကစားမယ့် ပရီးမီးယားလိဂ် ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ကတော့ ဝုဗ် အသင်းနဲ့ အဝေးကွင်း ကစားဖို့ရှိနေပါတယ်။ ပွဲချိန်ကတော့ သောကြာနေ့ နံနက် အစော ၂း၄၅ နာရီ ဖြစ်ပါတယ်။။

ဘောလုံးပွဲ သုံးသပ် ဆရာကြီးတွေ ဖြစ်တဲ့ ဂန်းနားဟောင်း ပေါမာဆန်နဲ့ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန် တို့ကတော့ ဒီပွဲမှာ မန်ယူ မနိုင်ဘူးလို့ သုံးသပ်ထားကြပါတယ်။

ခရစ်ဆက်တန် ရဲ့ ပွဲကြို သုံးသပ်ချက်

ယူနိုက်တက်အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်နေဦးမှာပါ။ ဩဂုတ်လတုန်းက အိုးထရတ်ဖိုဒ့်မှာ ဝုဗ်ဟာ အခွင့်အရေးတွေ အများကြီးကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူတို့က ပိုကောင်းတဲ့အသင်း ဖြစ်ပေမယ့် ပွဲကို ရှုံးနိမ့်ခဲ့တယ်။

ယူနိုက်တက်မှာ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ မာတီနက်စ်နဲ့ ကာဆီမီရိုတို့ ပြန်သက်သာလာပါပြီ။ ဒါပေမယ့် သူတို့ အသင်းတစ်သင်းအဖြစ် စုဖွဲ့မှုတွေ လိုအပ်နေဆဲလို့ မြင်ပါတယ်။

ယူနိုက်တက်က ကောင်တာပိုင်း ကောင်းပါတယ်။ ဝုဗ်ကကျ ဟန်ချက်ညီတယ်။ ယူနိုက်တက်က ဝုဗ်ကို ကောင်တာကနေ သိပ်ပြီး အားထုတ်နိုင်မှာ မဟုတ်ပါဘူး။ ဂယ်ရီ အိုနေးရဲ့ အသင်းက အနိုင်ယူဖို့ ခက်ခဲပါတယ်။ ကျနော်ကတော့ သရေပွဲဖြစ်မယ် ထင်ပါတယ်။

ခရစ်ဆက်တန် ရဲ့ ပွဲ ခန့်မှန်းရလဒ် – ဝုဗ် ၁-၁ မန်ချက်စတာ ယူနိုက်တက်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီပွဲကို ဝုဗ်နိုင်မယ်ဆိုရင် အမှတ်ပေးဇယားမှာ ယူနိုက်တက်ရဲ့ အထက်က ရပ်တည်သွားမှာပါ။ အိမ်ကွင်း ၉ ပွဲတောင် ရှုံးပွဲ မရှိသေးတဲ့ ဝုဗ်တို့ ဒါမျိုး လုပ်နိုင်ရင်လည်း အံ့ဩစရာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ယူနိုက်တက်ကတော့ အက်ဖ်အေ ဖလား ပွဲစဉ်တွေ မတိုင်ခင် ၅ ပွဲလောက် နိုင်ပွဲပျောက်နေခဲ့တာပါ။

ယူနိုက်တက်က အခြေအနေ ကောင်းလာနေပေမယ့် နည်းပြတန်ဟက်က ရက်ဖိုဒ့်နဲ့ ပြဿနာတွေ တတ်ထားတယ်။ နယ်သာလန်သားဟာ သူ့လျှာသူကိုက်ပြီး ဒါတွေကို ဖြေရှင်းရပါမယ်။ ကိုယ့် ကစားသမားတွေကို နိုက်ကလပ်မှာ သွားကဲနေပြီး လေ့ကျင့်ရေးကို နောက်ကျခွင့်ပေးလို့ မရပါဘူး။

ကျနော်ကတော့ ဒီပွဲကို ဝုဗ်ပဲ နိုင်မယ်လို့ ထင်ပါတယ်။ ယူနိုက်တက်ရဲ့ ထိပ်ဆုံး ၄ သင်း မျှော်လင့်ချက်က ဒီပွဲအပြီးမှာ လုံးဝ ရပ်တန့်သွားမှာပါ။

ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ် – ဝုဗ် ၂-၁ မန်ချက်စတာ ယူနိုက်တက်။