အွန်လိုင်းပေါ်က လေကျယ်နေတဲ့ မန်ယူပရိသတ်တွေကို ဖန်းမစစ်ဘူး ဝေဖန်လိုက်တဲ့ နဗီး

သရဲနီကစားသမားဟောင်း ဂယ်ရီနဗီးက အသင်းပရိသတ်တွေပါဆိုပြီး လူမှုကွန်ယက်ပေါ်က အားပေးသူတွေဟာ အိုးထရတ်ဖိုဒ့်ကွင်းထဲ လာအားပေးတဲ့ ပရိသတ်တွေကို အသင်းကို စစ်မှန်စွာ အားပေးတဲ့ စိတ်ဓါတ်မျိူး မရှိကြဘူးလို့ စကိုင်းစပေါ့ကနေ ဝေဖန်လိုက်ပါတယ်။

လူမှုကွန်ယက်ပေါ်က ပရိသတ်တွေဟာ အဆိပ်အတောက်တွေများပေမယ့်လို့ အိမ်ကွင်းပွဲတွေမှာ အိုးထရတ်ဖိုဒ့်ကွင်းထံ လာရောက် အားပေးရတဲ့ ပရိသတ်တွေကတော့ ကိုယ်အသင်း အကောင်းဆုံးဖြစ်ဖို့ စစ်မှန်တဲ့ အားပေးမှုတွေအပြင် ကိုယ်တတ်နိုင်တဲ့ ကိစ္စတွေကို အမြဲတမ်း အားထုတ် ကူညီတတ်ကြသူတွေလို နဗီးက မြင်ပါတယ်။

အသင်းကို အားပေးကြတာချင်းတူပေမယ့် လူမှုကွန်ယက်ပေါ်က ပရိသတ်တွေကတော့ အသင်းအပေါ် ဂရုဏာစိတ်နဲ့ အားပေးမှု မပါဝင်ကြသူတွေလို့ သူက ပြောခဲ့တာဖြစ်တယ်။

” လူမှုကွန်ယက်တွေပေါ်က အားပေးပါတယ်ဆိုတဲ့ အသံတွေဟာ ကွင်းထဲက အားပေးသံတွေနဲ့ ခြားနားပါတယ်။ မော်ရင်ညို၊ လူးဝစ်ဗန်ဟားနဲ့ ဒေးဗစ် မိုယက်စ် တို့တုန်းကတောင် ကစားကွင်းထဲမှာဆိုရင် လူမှုကွန်ယက်တွေပေါ်ကလို့ မလုပ်ကြပါဘူး။ အရင် ၃၅ နှစ်က အက်ကင်ဆန်တုန်းကတောင် မကြားဖူးပါဘူး။

ကစားကွင်းထဲက အသင်း ပရိသတ်တွေက အဲ့လိုတွေ မလုပ်ကြဘူး။ သူတို့က ကြုံတွေ့နေရတဲ့ အခြေအနေအပေါ် လေးစားသမှု ရှိတယ်။ ဒါပေမယ့် အခုကတော့ လမ်းကြောင်းချော်နေတဲ့ ရထားကြီး တစ်စင်းလို ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ရာသီ ဒုတိယ ရတော့ အသင်းက တိုးတက်နေတယ် သွားနေတယ်ပေါ့။ ခုကျ အဲဒီလို မဟုတ်တော့ဘူး၊ ဒါကို မြန်မြန် ပြောင်းလဲဖို့ လိုနေပါပြီ။

အသင်းကြီးတွေနဲ့ ရင်ဆိုင်ရရင် မန်ချက်စတာ ယူနိုက်တက်က ယှဉ်ကို မယှဉ်နိုင်တဲ့ ပုံ ဖြစ်နေတယ်။ ဒါမျိုး မဖြစ်သင့်ပါဘူး။ အဲဒီလို ကြုံလာရင် မန်နေဂျာတွေက မေးခွန်းတွေ မေးခံရရော၊ လူမှုကွန်ယက်ကနေလည်း မျိုးစုံ ပြောဆိုတော့ ဖိအားကြီးတွေ ဝင်ကြရတယ်။

ဒါပေမယ့် အိုးထရတ်ဖိုဒ့်ကွင်းထဲ လာ အားပေးကြတဲ့ ပရိသတ်နဲ့ လူမှုကွန်ယက်ပေါ်က ပရိသတ်တွေရဲ့ အပြုအမူတွေက လုံးဝ ကွာခြားပါတယ်။ လူမှုကွန်ယက်ပေါ်မှာက စာနာမှု၊ နားလည်းပေးမှု၊ ကွင်းထဲကလို ပရိသတ်တွေရဲ့ ဂရုဏာ စတာတွေ လုံးဝ မပါဘူး။ ဒါမျိုး စစ်မှန်စွာ အားပေးကြတာက အိုးထရက်ဖို့ဒ်ထိ လာတဲ့ ပရိသတ်တွေမှာပဲ ရှိပါတယ် ” လို့ နဗီးက ပြောဆိုခဲ့ပါတယ်။