ဝုဗ် ၃-၄ မန်ယူ | သွင်းဂိုးတွေ မြိုင်ပြီး အကြိတ်အနယ် ရှိကာ မိုင်နိုးကြောင့် မန်ယူတို့ အသက်ရှုချောင်ခဲ့ရတဲ့ ပွဲ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ မနက် အစောပိုင်း ဝုဗ်ကို အဝေးကွင်း သွား ရင်ဆိုင်ရာ မိုင်နိုးရဲ့ ၉၇ မိနစ်ဂိုးဖြင့် ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
သရဲနီ လူငယ်လေး မိုင်နိုးဟာ ပွဲချိန် ၉၅ မိနစ်မှာ နီတိုက ဝုဗ်အတွက် တတိယချေပဂိုးသွင်းလာပြီးနောက် ၂ မိနစ် အကြာမှာပဲ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးအား ဝေ့ဝိုက်ကန်ချက်ဖြင့် သွင်းယူလာခဲ့တာ ဖြစ်ပါတယ်။

ဝုဗ်ဟာ ယခုပွဲမှာ ပထမပိုင်းမှာ ၂-၀ ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သလို ၈၅ မိနစ်အထိ ၃-၁ ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပေမဲ့လည်း ချေပဂိုးများ ရယူနိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ အသက် ၁၈ နှစ်အရွယ်ရှိ မိုင်နိုးရဲ့ အနိုင်ဂိုးကြောင့် ဝုဗ်ကို ၄-၃ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဘဲလ်ဘတ်စ်သို့ သွားရောက်ပြီး ပါတီပွဲတက်ခဲ့လို့ နယူးပေါ့နှင့် အက်ဖ်အေဖလားပွဲ လွဲခဲ့တဲ့ မားကပ်စ်ရက်ဖို့ဒ်ရဲ့ ပွဲအစ ၅ မိနစ်ဂိုးဖြင့် ပွဲကို စောစောစီးစီး ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ယင်းနောက် ၂၂ မိနစ်မှာ ဟွိုင်းလန်းက ဒုတိယဂိုးသွင်းခဲ့လို့ ပထမပိုင်းမှာ ယူနိုက်တက်တို့ ၂-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့ပါတယ်။
ပွဲချိန် ၇၁ မိနစ်မှာ ဆာရာဘီယာက ဝုဗ်အတွက် ပင်နယ်တီမှ တဆင့် ချေပဂိုးသွင်းလာပေမဲ့ ချက်ချင်းဆိုသလို ၇၅ မိနစ်မှာ စကော့မက်တိုမီနေးက ခေါင်းတိုက်ပြီး ၃-၁ ဂိုးဖြင့် ဦးဆောင်နိုင်မဲ့ ဂိုးကို သွင်းယူခဲ့ပါတယ်။
ယင်းနောက်ပိုင်းမှာတော့ ပွဲရဲ့ အကောင်းဆုံးအစိတ်အပိုင်းသို့ ရောက်လာခဲ့ပါတော့တယ်။
ဝုဗ်အသင်းခေါင်းဆောင်ကယ်မန်းက ၈၅ မိနစ်မှာ အနီးကပ်ပိတ်သွင်းပြီး ချေပဂိုးသွင်းခဲ့ပြီးနောက် ၉၅ မိနစ်မှာ နီတိုက တတိယချေပဂိုးသွင်းလာတာကြောင့် ၃ ဂိုးစီသရေဖြင့် ပွဲပြီးဆုံးပြီလို့ ယူဆခဲ့ရပါတယ်။
ဒါပေမဲ့ ၉၇ မိနစ်မှာ မိုင်နိုးက အမှတ်ရစရာကောင်းတဲ့ အနိုင်ဂိုးအား ယူနိုက်တက်အတွက် သွင်းပေးလာခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ အဝေးကွင်း ၄ ပွဲဆက် နိုင်ပွဲပျောက်မှုကို အဆုံးသတ် လိုက်နိုင်ခဲ့ပြီး အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာသို့ တက်လှမ်းလာပါတယ်။