ပယ်လစ္စထရီ ကို မန်ချက်စတာ ယူနိုက်တက်မှာ နည်းပြတန်ဟက် ရက်စက်ခဲ့တဲ့အကြောင်း အေးဂျင့်ဖြစ်သူ ဖော်ထုတ်

ဂရန်နာဒါအသင်းထံ အငှားထွက်ခွါသွားခဲ့တဲ့ မန်ယူအသင်း တောင်ပံကစားသမား ပယ်လီစထရီရဲ့ အေးဂျင့်ကတော့ နည်းပြ တန်ဟတ်ဂ်ကို ပြစ်တင် ပြောဆိုသွားခဲ့ပြီး တန်ဟတ် ရှိနေသရွေ့ အသင်းထံ ပြန်လာဖို့ မဖြစ်နိုင်သေးကြောင်း အရိပ်အမြွတ်ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ မန်ယူအသင်းအတွက် စုစုပေါင်း မိနစ် ၂၈၀ သာ ပါဝင်ကစားခဲ့ရတဲ့ ပယ်လီစထရီဟာ ၎င်းရဲ့ ပထမရာသီဝက် အပြောင်းအရွှေ့အပြီးမှာ ၃၆၆ မိနစ်အထိ ကစားခွင့်ရခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီ တစ်ရာသီလုံး ကစားခွင့်က စစချင်းရာသီရဲ့ ထက်ဝက်ခန့်ကို လျော့ကျခဲ့တာ တွေ့ရပါတယ်။

ဒါ့ကြောင့် ယခုဆောင်းရာသီ အပြောင်းအရွှေ့အတွင်း ဂရန်နာဒါအသင်းထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နယူးပေါ့ ကောင်တီနဲ့ ပွဲတုန်းကလည်း တန်ဟတ်ဂ်တစ်ယောက် ပယ်လီစထရီကို အသုံးမပြုခဲ့ပဲ အသက် ၁၉ နှစ်အရွယ် အကယ်ဒမီကစားသမားလေး ဖော်ဆန်ကိုသာ အရံစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။

ပယ်လီစထရီရဲ့ အေးဂျင့် လာဆယ်ဗီယာက “ မန်ယူအသင်းထံ ပယ်လီစထရီ ပြန်လာခွင့် ရမရ ဆိုတာက သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ သက်ဆိုင်ပါလိမ့်မယ်၊ ဒါပေမယ့် တန်ဟတ် သာ မန်ယူအသင်းမှာ ဆက်ရှိနေဦးမယ်ဆိုရင် ပယ်လီစထရီအတွက် ခက်ခဲနေဦးမှာပါ။

တန်ဟတ် က သူ့ကို အသုံးမပြုခဲ့သလို တန်ဖိုးလည်း မထားခဲ့ပါဘူး၊ ပရော်ဖက်ရှင်နယ် တစ်ယောက်လို သူ့ကို မဆက်ဆံခဲ့ပါဘူး ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ပယ်လီစထရီဟာ မန်ယူအသင်းထံ ၂၀၂၀ ခုနှစ်ကတည်းက ပေါင် ၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး စစချင်း ရာသီဝက်မှာ အကယ်ဒမီ အသင်းနဲ့ ပူးပေါင်းခဲ့ရသလို အလာဗက်စ် အသင်းထံလည်း အငှားထွက် ကစားခဲ့ရပြီး လာလီဂါမှာတော့ ခြေစွမ်းပြသခဲ့တာကြောင့် မန်ယူအသင်းထံ ပြန်လည် လာရောက် ပူးပေါင်း နေခဲ့ရသူ တစ်ယောက် ဖြစ်ပါတယ်။