အပျော်တဝက် ဂိုးပေးရတာကြောင့် မကျေနပ် တဝက်နဲ့ ခံစားချက်တွေ ရောထွေးနေတယ် ဆိုတဲ့ နည်းပြ တန်ဟက်

ဒီ နံနက်အစောပိုင်း က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချစ်စတာ ယူနိုက်တက်ဟာ ဝုဗ်ကို ၂ ဂိုးသာအနေအထာ းကနေ သရေရလဒ်အထိ ပြန်လည် ခွင့်ပြုခဲ့ရတာကြောင့် နည်းပြ အဲရစ်တန်ဟက်က ခံစားချက်တွေ ရောထွေးနေခဲ့ကြောင်း ဖွင့်ဟခဲ့ပြီး မိုင်နိုးရဲ့နောက်ကျ အနိုင်ဂိုးကြောင့် စိတ်သက်သာရာ ရခဲ့တယ် လို့ ဝန်ခံခဲ့ပါတယ်။

ဝုဗ်အသင်းမှ ၃-၃ ဖြစ်စေခဲ့တဲ့ သွင်းဂိုးကို သွင်းယူပြီး ၂ မိနစ်အကြာ ၉၀+၇ မိနစ်မှာပဲ ကိုဘီမိုင်နိုးက ယူနိုက်တက် အတွက် အဖိုးတန် အနိုင်ဂိုးကို သေသေသပ်သပ် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

နည်းပြ တန်ဟက်က “တစ်ဖက်မှာတော့ အရမ်းပျော်ပါတယ်။ ဒါက ကြီးမားတဲ့နိုင်ပွဲဖြစ်ပြီး ပရိသတ်တွေအတွက် လည်း ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်”

“ဒါပေမယ့် တစ်ဖက်မှာလည်း မန်နေဂျာ တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အသင်းက ပွဲကို ၁ နာရီလောက်ကြာအောင် စိုးမိုးထားနိုင်တာကြောင့် ၃-၀ ဒါမှမဟုတ် ၄-၀ လိုမျိုးရလဒ်တွေကို မျှော်လင့်မိမှာပါပဲ။ ကျွန်တော်တို့ ဂိုးတွေပြန်ခွင့်ပြုခဲ့ရပါတယ်။ ဒါက မဖြစ်သင့်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။

တန်ဟက်က “ဒီပွဲမှာအသင်းရဲ့ခံနိုင်ရည်အားနဲ့ အရှိန်အဟုန်ကို မြင်တွေ့ခဲ့ရပြီး အထူးသဖြင့် ကိုဘီမိုင်နိုးမှာ ဒီလို စိတ်ဓာတ်မျိုးမြင်ရတာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့မှာ မှန်ကန်တဲ့ စရိုက်လက္ခဏာရှိပါတယ်။ အသင်းရဲ့ အဝတ်လဲခန်းထဲက စိတ်ဓာတ်ကလည်း အရမ်းကောင်းပါတယ်။ တစ်သင်းလုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်လည်း အတူတူပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ချီးကျူးမှုတွေပြုလုပ်ခဲ့သော်လည်း အသင်းရဲ့ ၂-၀ နဲ့ ၃-၁ ဆိုတဲ့အခြေအနေကို ၃-၃ ဆိုတဲ့အခြေအနေအထိ ခွင့်ပြုခဲ့ရတဲ့ စွမ်းဆောင်ရည်ကိုတော့ တန်ဟက်က ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

နယ်သာလန်သားက “ကျွန်တော်တို့ ဒီပွဲကို ဒီထက်ပိုကောင်းအောင် စီမံခန့်ခွဲနိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့ ဒီလို မှားနေလို့မရပါဘူး။ ဒီလိုဂိုးတွေကို ခွင့်ပြုလို့မရပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခံစားချက်တွေရောထွေးနေပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ကစားသမားအချို့ရဲ့စွမ်းဆောင်ရည်ကို အရမ်းကျေနပ်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။