မန်ယူအသင်းရဲ့ ခေါ်ဈေး မြင့်လွန်းတာကြောင့် ဆန်ချို ကို အပြီး မဝယ်နိုင်ဘူး ဆိုတဲ့ ဒေါ့မွန် အကြီးအကဲ

အင်္ဂလန်သား တိုက်စစ်သမား ဆန်ချိုကို ရာသီကုန် အငှားခေါ်ယူထားတဲ့ ဒေါ့မွန်အသင်းဟာ မန်ယူအသင်းရဲ့ တောင်းဆိုဈေးကြောင့် အပြီးသတ် ခေါ်ယူနိုင်မှာ မဟုတ်ကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ဆန်ချိုကို ပေါင် ၇၃ သန်းနဲ့ ရောင်းချခဲ့တဲ့ ဒေါ့မွန်ဟာ လက်ရှိ အချိန်မှာတော့ ၎င်းတို့ ကစားသမားဟောင်းကို အငှားပြန်လည် ခေါ်ယူထားသလို အပြီးသတ် ဝယ်ယူခွင့် ရရှိထားပေမယ့် မန်ယူအသင်းဘက်က ပေါင် သန်း ၅၀ ဝန်းကျင် ပမာဏနဲ့ ရောင်းချဖို့ စီစဉ်နေတာကြောင့် ဒေါ့မွန်တို့ လက်ရှောင်လိုနေတာ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းရဲ့ အားကစား ဒါရိုက်တာ ဆပ်ဘ်စတီယန် ခီးလ်က “ ချဲလ်ဆီးက အငှားခေါ်ယူထားတဲ့ မက်တ်ဆန် ရော ဆန်ချိုတို့ နှစ်ယောက်စလုံးကို အပြီးသတ် ခေါ်ယူဖို့ ခက်ခဲပါတယ်၊ သူတို့အတွက် ပေးရမယ့် အပြောင်းအရွှေ့ ပမာဏကလည်း မြင့်မားလွန်းပါတယ်။

ဆန်ချိုကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်တုန်းက ကျွန်တော်တို့ ဘယ်လောက်နဲ့ ရောင်းချလိုက်သလဲဆိုတာကို ခင်ဗျားတို့လည်း သိပါတယ်၊ အဲ့ဒါကြောင့် သူ့ကို ကျွန်တော်တို့ ပြန်ခေါ်ယူဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှပါဘူး၊ ” ဆိုပြီး ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဘက်ကလည်း ပေါင် သန်း ၇၀ ကျော်အထိ ပေးချေခဲ့ရသလို ပြီးခဲ့တဲ့ ကာလတွေအတွင်း မင့်မားတဲ့ လစာတွေ စိုက်ထုတ်ပေးထားရတာကြောင့် ဆန်ချိုကို အောက်ဈေးနဲ့ လက်လွှတ်လိုခြင်း မရှိပဲ ဆော်ဒီကလပ်အသင်းတွေရဲ့ မြင့်မားတဲ့ ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းလျှက်ရှိပါတယ်။

ဆန်ချိုဟာ မန်ယူအသင်းအတွက် စုစုပေါင်း ၈၂ ပွဲကစား သွင်းဂိုး ၁၂ ဂိုးနဲ့ ဖန်တီးမှု ၆ ကြိမ်သာ ပြုလုပ်ခဲ့ပေမယ့် ဒေါ့မွန်အတွက် ပထမကစားသမားဘဝတုန်းကတော့ ၁၃၇ ပွဲမှာ သွင်းဂိုး ၅၀ အထိ သွင်းကာ ဖန်တီးမှု ၆၄ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။