ဂိုးသွင်းခြေမှန်လာတဲ့ ဟွိုင်လန်း၊ အစွမ်းပြတဲ့ ဆယ်ကျော်သက် ၂ဦးနဲ့ အတူ မန်ယူတို့ ဝက်စ်ဟမ်းကို ၃ဂိုးပြတ်နဲ့ နိုင်ပြီ

မန်ချက်စတာ ယူနိုက်တက်ကတော့ ဒီည အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို ၃-ဝ နဲ့ ဂိုးပြတ်အနိုင်ယူသွားခဲ့ပါတယ်။

တိုက်စစ်မှုး ဟွိုင်လန်း ဂိုးသွင်းခြေမှန်လာမှုနဲ့အတူ တိုက်စစ်ပိုင်းအားကောင်းလာတဲ့ ယူနိုက်တက်ဟာ ကစားရခက်တဲ့ ဝက်စ်ဟမ်းကို လှလှပပအနိုင်ယူခဲ့တာပါ။ မိုယက်စ်ရဲ့ အသင်းဟာ ဖိအားပေးမှုတွေ ပြန်လုပ်နိုင်ခဲ့ပေမယ့် ယူနိုက်တက်ခံစစ်ကိုတော့ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

ယူနိုက်တက် အတွက် ဂိုးတွေကို ဒီနေ့ မွေးနေ့ရှင် ဖြစ်တဲ့ ဟွိုင်လန်းက အဖွင့်ဂိုး အရင် သွင်းယူခဲ့ပြီး လူငယ် ကြယ်ပွင့် ဂါနာချို ကလည်း အားကျမခံ ၂ဂိုး သွင်းယူပေးခဲ့တာပါ။

ဧည့်သည် ဝက်စ်ဟမ်းအသင်းကလည်း အခွင့်အရေးကောင်းတွေ များစွာ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုး အဆုံးသတ်ပိုင်းမှာ ယူနိုက်တက်က ပို သက်ရောက်မှု ရှိရှိ အသုံးချနိုင်ခဲ့တာကြောင့် အခုလို ဂိုးပြတ် နိုင်ပွဲရသွားတာလည်း ဖြစ်ပါတယ်။

ဒီနေ့ကျမှ အိုနနာကလည်း လက်စွမ်းပြနေခဲ့လို့ ချေပဂိုးရနိုင်တဲ့ အခွင့်အရေးတွေလည်း ပျက်ပြယ်ခဲ့ရပါတယ်။

ဒီပွဲမှာ ယူနိုက်တက် လူငယ်တိုက်စစ်သမားတွေဖြစ်တဲ့ ဂနာချို၊ ဟွိုင်လန်းတို့ ခြေစွမ်း ကောင်းခဲ့ပြီး ကွင်းလယ်ကနေ ကာဆီမီရို၊ ဖာနန်ဒက်စ်တို့ကလည်း တောက်ပခဲ့ပါတယ်။

ယူနိုက်တက် အတွက် ဒီပွဲမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ် ၃ ဦး ဟွိုင်လန်း၊ ဂါနာချိုနဲ့ မိုင်နူးတို့ဟာ အသက် ၂၁ နှစ်၊ ၁၉ နဲ့ ၁၈ နှစ်သာ အသီးသီး ရှိသေးတာကြောင့် အသင်း အနာဂတ် အတွက် အားရ စရာ ရောင်ခြည်သစ်ကို မြင်ခဲ့ရပါတယ်။

ဒါပေမယ့် ဒဏ်ရာကပြန်သက်သာလာပြီး ခြေစွမ်းပြနေတဲ့ မာတီနက်ဇ် ဒဏ်ရာပြန်ရသွားတာတော့ ယူနိုက်တက်အတွက် စိတ်ပျက်စရာပါ။ ဒဏ်ရာမပြင်းထန်ဖို့ကို မျှော်လင့်ရမှာဖြစ်ပါတယ်။

ဒီနိုင်ပွဲကတော့ တန်ဟက်အတွက် ကျေနပ်စရာရလဒ် ဖြစ်ပါတယ်။ ဖိအားတွေကိုပါ သူ ဖယ်ရှားနိုင်ခဲ့ပြီး ထိပ်ဆုံးလေးသင်းနေရာအတွက် မျှော်လင့်ချက်ပြန်ရှိလာခဲ့ပါပြီ။ လက်ရှိမှာတော့ ၃၈ မှတ်နဲ့ အဆင့် ၆ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။