မန်ချက်စတာ ယူနိုက်တက် အနာဂတ် ကို တွေးကြည့်ပြီး ပီတိတွေ ဖြာနေတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်က ဝက်စ်ဟမ်းအသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းရဲ့ အနာဂတ် အလားအလာတွေက သိပ်ကောင်းနေပြီလို့ ကြွေးကြော် ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဂိုးပြတ် နိုင်ပွဲ အပြီးမှာ နည်းပြ တန်ဟက် က သူ့ရဲ့ အမြင်ကို အခုလို ဖွင့်ဟခဲ့ပါတယ်။

“မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အနာဂတ်က အရမ်းကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ မြင့်မားတဲ့ အလားအလာတွေ ရှိနေလို့ပါ။ ကစားသမား(၃)ဦး အောင်ပွဲခံနေတဲ့ပုံမှာ အဓိပ္ပာယ်တွေ အများကြီး ရှိလို့နေပါတယ်။”

“ဒါက သူတို့တွေ ဘယ်လို အတူရှိနေကြလဲ နောက်ပြီး စွန့်စား ပျော်ရွှင်မှုတွေနဲ့ ဘောလုံးအတူ ကစားကြနေတယ်ဆိုတာကို ပြသနေတယ်။ ဒီလို ပုံစံမျိုးကိုသာ ဆက်လက် ထိန်းသိမ်းထားနိုင်မယ်ဆိုရင် မြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်သွားနိုင်မှာ သေချာနေပါတယ်။”

“ဒီနေ့ ကျွန်တော်တို့ ကစားပုံနဲ့ ပတ်သက်ပြီး ကျွန်တော်က ပျော်ရွှင်မိတယ်။ ပွဲတစ်လျှောက်လုံးမှာတော့ ကျွန်တော်တို့က ပြိုင်ဘက်အသင်းရဲ့ ခြိမ်းခြောက်မှုတွေ ခံခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က တိုက်စစ်ဆင်လာခဲ့အခါမျိုးမှာလည်း ကျွန်တော်တို့ ဂိုးတွေသွင်းနိုင်တယ်။ တိုက်စစ်ကို တိုက်ရိုက် ကစားနိုင်ပြီး ဂိုးတွေလည်း သွင်းယူနိုင်ခဲ့တယ်။”

“ကျွန်တော်တို့က တည်ဆောက်နေဆဲ အသင်းတစ်သင်းပါ။ ကျွန်တော်တို့ လူငယ် ကစားသမားလေးတွေကို ခေါ်ယူတယ်။ ပြီးတော့ သူတို့ကို အခွင့်အရေးတွေ ပေးတယ်။ ဒါက အတက်အကျတွေ ရှိနိုင်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ထားရမယ်။

ကျွန်တော်တို့ဆီက အတွေ့အကြုံရှိ ကစားသမားတွေက လူငယ်လေးတွေကို ကူညီပေးပြီး ဒီကစားသမားတွေ အားလုံးပေါင်းနဲ့ အသင်းကို ကူညီနေပါလိမ့်မယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။