ဝက်စ်ဟမ်းဘက် ဂိုးသွင်းပြီးနောက် သူ့ရဲ့ ထူးခြားတဲ့ အောင်ပွဲခံတဲ့ ပုံစံအကြောင်း ဟွိုင်လန်း ထုတ်ဖော် ရှင်းပြ
မန်ယူ တိုက်စစ်မှုး ရာစမပ်စ် ဟွိုင်လန်းဟာ ဝက်စ်ဟမ်းကို ယူနိုက်တက်အနိုင်ရရှိတဲ့ နိုင်ပွဲမှာ သူ့ရဲ့ ပုံမှန် မဟုတ်ဘဲ ထူးခြားတဲ့ ဂိုးသွင်းအောင်ပွဲခံမှုနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တုန်းက ဝက်စ်ဟမ်းကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားအဆင့် ၆ နေရာသို့ တက်လှမ်းလာခဲ့ပါတယ်။

ပထမပိုင်းတွင် ဟွိုင်လန်းဟာ ထောင့်ကျဉ်းသို့ အနိမ့်ဘော ကန်သွင်းကာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ယင်းနောက် ဒုတိယပိုင်းတွင် အလီဂျန်ဒရိုဂါနာချိုက ၂ ဂိုးထပ်မံ သွင်းယူခဲ့ပါတယ်။
အသက် ၂၁ နှစ်ရှိ ဒိန်းမတ်တိုက်စစ်မှူးဟာ သူ့ရဲ့ မွေးနေ့တွင် ဂိုးသွင်းနိုင်မှုနှင့်အတူ ခြေထောက်ကြားတွင် ဂစ်တာတီးတဲ့ပုံစံဖြင့် အောင်ပွဲခံမှု ပြုလုပ်ခဲ့ပါတယ်။
ဟွိုင်လန်းက “သူငယ်ချင်းတွေနဲ့ အောင်ပွဲခံမှုနဲ့ပတ်သက်ပြီး စကားပြောခဲ့ကြတယ်။ နွေရာသီတုန်းက သူတို့က ဂစ်တာအောင်ပွဲခံမှု လုပ်ဖို့ ပြောခဲ့ကြတယ်။ ကျွန်တော် မလုပ်ဖြစ်ခဲ့ဘူး။ ဒီနေ့တော့ လုပ်ဖြစ်တယ်”လို့ ပြောကြားသွားပါတယ်။
ဟွိုင်လန်းဟာ ပထမဆုံးပရီးမီးယားလိဂ် ၁၄ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပေမဲ့လည်း ယခုအခါ ၄ ပွဲဆက် ဂိုးသွင်းထားနိုင်ပြီ ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်သမိုင်းတွင် အသက်အငယ်ဆုံး ၄ ပွဲဆက် ဂိုးသွင်းယူထားနိုင်သူ ဖြစ်လာပါတယ်။
သူဟာ နွေရာသီတွင် အတ္တလန္တာမ ပေါင် ၇၂ သန်းဖြင့် ပြောင်းလာပြီးနောက် ယူနိုက်တက်အတွက် ၂၈ ပွဲကစားထားရာမှာ ၁၀ ဂိုးသွင်းထားနိုင်ပြီ ဖြစ်ပါတယ်။