အသင်းလက်မဲ့ ဖြစ်နေတဲ့ နာမည်ကြီး နည်းပြ နှစ်ဦးကို မန်ချက်စတာ ယူနိုက်တက် ချိတ်ဆက် ဆွေးနွေးနေ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့်နွေမှာ နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ အတွက် အသင်းလက်မဲ့ ဖြစ်နေတဲ့ နာမည်ကြီး နည်းပြ နှစ်ဦး ဖြစ်တဲ့ အန်တိုနီယို ကွန်တီ၊ ဂျူလီယန် လိုပက်တယ်ဂီတို့နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်လာပါတယ်။

လက်ရှိ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက် က သူရဲ့ ယူနိုက်တက်နည်းပြဘဝ (၂)နှစ်ပြည့်ခါနီးမှာပဲ အနာဂတ် အခြေအနေတွေက မရေမရာ ဖြစ်လာခဲ့ရပြီး လတ်တလော ရလဒ်တွေ ပြန်လည် ကောင်းမွန်နေသည့်တိုင် အသင်းရဲ့ ရှယ်ယာရှင်သစ်တွေဖြစ်တဲ့ INEOS တို့ဘက်က လာမယ့်နွေမှာ နည်းပြအပြောင်းအလဲ လုပ်ဆောင်ချင်နေပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာတဲ့ တန်ဟက် က သူရဲ့ ပွဲဦးထွက် ရာသီမှာ လိဂ်ဖလားကို ရယူစေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရယူပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ မျှော်လင့်စရာ ဆုဖလားဆိုလို့ အက်ဖ်အေဖလားသာ ရှိနေတော့ပြီး Top 4 ဝင်ခွင့်အတွက်ကလည်း ခက်ခက်ခဲခဲ ကြိုးပမ်းရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေရပါတယ်။

ဒီလို အခြေအနေတွေကို ယူနိုက်တက်ရဲ့ ရှယ်ယာရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်နဲ့ ယူနိုက်တက်ရဲ့ အားကစားပိုင်း ဆိုင်ရာတွေကို တာဝန်ရှိမယ့် INEOS က တာဝန်ရှိသူတွေက လာမယ့်နွေရာသီမှာပဲ အသင်း နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ စီစဉ်လာပါတော့တယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ တန်ဟက် နေရာမှာ အစားထိုးဖို့အတွက် ချယ်ဆီး နဲ့ စပါးတို့ရဲ့ နည်းပြဟောင်း ကွန်တီအပြင် ဝုလ်ဗ်အသင်း နည်းပြဟောင်း လိုပက်တယ်ဂီတို့ကို ဆက်သွယ်ပြီး ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ သိရပါတယ်။

ဒီနည်းပြနှစ်ဦးလုံးက ပရီးမီးယားလိဂ်မှာ အတွေ့အကြုံတွေ ရှိခဲ့သလို ကွန်တီဆိုရင် အီတလီ စီးရီးအေ နဲ့ လိုပက်တယ်ဂီဆိုရင် စပိန် လာလီဂါတို့မှာပါ အတွေ့အကြုံကောင်းတွေ အမြောက်အများ ရှိနေကြပါတယ်။

ဒါပေမယ့် အီတလီလူမျိုး နည်းပြကွန်တီက အေစီမီလန်အသင်းကို နည်းပြဖို့ သတင်းတွေ အတော်လေး ထွက်ပေါ်နေတာကြောင့် ကွန်တီ နဲ့ လိုပက်တယ်ဂီတို့ နှစ်ဦးမှာ လက်ရှိအခြေအနေတွေအရ လိုပက်တယ်ဂီသာ ဖြစ်နိုင်ခြေ များနေရပါတယ်။